သာယာဝတီ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သာယာဝတီမြို့နယ် ကျေးရွာ ၁၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွာမှာ စည်ပင်၊ ညောင်သာယာ၊ အရှေ့စု၊ သရက်ကုန်း၊ အင်းရွာအလယ်စု၊ ရွာသစ်ကုန်း၊ ဂွေးတောက်ကုန်း၊ မဲကျွန်း၊ ငဖြူချောင်း၊ အထက်ရင်းတိုက်ကုန်း၊ ဝဲကြီးဒေါင့်၊ ရေတိုက် ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့် လုပ်ငန်းများ၊ ကျေးရွာပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဥ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဥ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်းက ပြောပြသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ရာ ယခုအခါ ကျေးရွာအတည်ပြုချက် ရရှိပြီးဖြစ်သောကြောင့် ကျေးရွာစီမံကိန်းကော်မတီများ ဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)