သာယာဝတီ သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက အနီးကပ်ကြီးကြပ်ပြီး ဩဂုတ်လ ၂၄ ရက် ညနေမှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားကုန် ဆန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆန်(၁)ပြည်လျှင် ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ဆန်အိတ်ပေါင်း(၁၀၀)ခန့်အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်း၌ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ကြက်သွန်နှင့် ငရုတ်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)


