သာယာဝတီ နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် စခန်းကြီးကျေးရွာအုပ်စု ကံရွာသစ်၊ တုံးစမ်း၊ ကျေးရွာနှစ်ရွာ တစ်ယူနစ်၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ကံရွာသစ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်းက အမှာစကားပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ကော်မတီဝင်များအား အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် စခန်းကြီးကျေးရွာအုပ်စု ကံရွာသစ်၊ တုံးစမ်း၊ ကျေးရွာနှစ်ရွာ တစ်ယူနစ်နေပြည်သူများအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


