သာယာဝတီ၊ ၁၉ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်းရှိ မကျီးကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာနှင့် သင်တောရိုးကျေးရွာအုပ်စု၊ ( ဂွေးချောင်း + ကညှင်ကောက် ) ကျေးရွာသုံးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေကျပ်သိန်း ၆၀၀ အသုံးပြုကာ မြစိမ်းရောင်စီမံကိန်း ၂ ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများအား သာယာဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်းနှင့် မြစိမ်းရောင် စီမံကိန်းတာဝန်ခံ ဒေါ်နိုင်နိုင်ဝင်း နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ်အထိ ကျေးရွာ ၇၆ ရွာ မြစိမ်းရောင် စီမံကိန်း ၄၃ ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သာယာဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်း က ပြောပြ၍ သိရသည်။
ငြိမ်းသူ


