သာယာဝတီ မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက အင်းရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ကျင်းပသည်။
သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ (၂၅)ဦးသို့ အခမဲ့ထောက်ပံ့ပေးအပ်သည်။ ပေးအပ်ပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ သာယာဝတီမြို့နယ်၊ မြောက်ပန်းဆွဲအုပ်စု၊ ရွာသစ်ကျေးရွာရှိ AE ဦးစိန်ကြည်၏ လယ်မြေတွင် မြေဆီလွှာများဖွံဖြိုး တိုးတက်စေရေးအတွက် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ကြဲပက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက တောင်သူများအား သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ကြဲပက်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များဖြစ်သည့် မြေဆီလွှာ များ ဖွံဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တောင်သူများနှင့် တက်ရောက်လာကြသူများအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သစ်စိမ်းမြေသြဇာအား AE ဦးစိန်ကြည်၏ လယ်မြေတွင် ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်း ကြဲပက်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြား ထားသော တောင်သူများ တက်ရောက်သည်။
သာယာဝတီမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက ၁၅၀ ကို မိုးကြိုရာသီအမီကြဲပက် စိုက်ပျိုးသွားမည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာ ထည့်သွင်း ခြင်းကြောင့် လယ်ယာမြေများ မြေဆီမြေဩဇာ ဖွံ့ဖြိုးတိုးတက်၍ သီးနှံအထွက်နှုန်းများ တိုးတက်လာမည် ဖြစ်သည့်အပြင် တောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေ တွင် သဘာဝသစ်စိမ်း မြေဩဇာများ ထည့်သွင်းခြင်းကြောင့် မြေဆီအာဟာရ တိုးတက် ခြင်းအကျိုးကျေးဇူးများကို ရရှိစေနိုင်မည့်အပြင် ဓာတ်မြေဩဇာသုံးစွဲမှုကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးသန့်ဇော်(သာယာဝတီ)