နေပြည်တော် အောက်တိုဘာ ၂

 

Khit Thit Media အမည်ခံ Facebook Page တွင် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက “သာယာဝတီထောင်တွင် နိုင်ကျဉ်းအမျိုးသမီး ၁ ဦးကို သံအချွန်ဖြင့်ထိုးသော အကျဉ်းသူကို ထောင်အာဏာပိုင်များက အရေးယူမှုမရှိ” ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

 

ဖြစ်စဉ်မှန်အား စိစစ်ရာ သာယာဝတီဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား/ အကျဉ်းသူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ခုခုကိုချိုးဖောက်၍ တရားရုံးက ပြစ်ဒဏ်ပေးထားသော အကျဉ်းသား/ အကျဉ်းသူများသာရှိကြောင်း၊ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲတွင် အမျိုးသမီးအိပ်ဆောင်မှ အကျဉ်းသူ မချစ်မိုးဆွေ (ခေါ်) ဂေါ်ဖီထုပ်သည် သွားတိုက်ဆေးပျောက်ဆုံးရာမှ ၎င်းနှင့် ကပ်လျက်နေသူ အကျဉ်းသူ မလှလှဝင်း (ခ) မအသေးလေးနှင့် အချင်းများရာမှ လုံးထွေးရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ရန်ဖြစ်ရာတွင် မည်သည့်လက်နက်မှမပါဘဲ လုံးထွေးသတ်ပုတ်ခြင်းသာဖြစ်ပြီး ဦးစီးအရာရှိ ဒေါ်နန်းတင်က ဖြစ်စဉ်အား ထောင်တာဝန်ခံ အရာရှိထံ သတင်းပို့တင်ပြခဲ့ရာ ထောင်တာဝန်ခံ အရာရှိက အဆိုပါ အကျဉ်းသူ ၂ ဦးအား ရန်ဖြစ်ခြင်းပြစ်မှုအတွက် စာဖြင့်သတိပေး ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အိပ်ဆောင်ပြောင်းပေးခဲ့ကြောင်း။

 

ထောင်အာဏာပိုင်များက အရေးယူမှုမရှိဆိုသည်မှာ မှန်ကန်မှုမရှိဘဲ သာယာဝတီ ဗဟိုအကျဉ်းထောင်တွင် နေ့စဉ်သာမန်ရှာဖွေခြင်း၊ ရှောင်တခင်ရှာဖွေခြင်း၊ အထူးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပြီး အကျဉ်းထောင်ရှာဖွေရေးများ တင်းကျပ်စွာ ဆောင်ရွက်သည့်အတွက် သံချွန်လက်နက်ရှိနေခြင်း၊ ထိုးနှက်ခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း၊ မချစ်မိုးဆွေ (ခေါ်) ဂေါ်ဖီထုပ်သည် ယခု ၁ ကြိမ်သာ စကားများရန်ဖြစ်ခြင်းဖြစ်သောကြောင့် ဒုတိယအကြိမ် ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သိရသည်။

 

ဦးစီးအရာရှိ ဒေါ်နန်းတင်သည် ထောင်ဖွင့်ချိန်မှ ထောင်ပိတ်ချိန်အထိ အမျိုးသမီးအိပ်ဆောင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး မည်သည့်အကျဉ်းသူများကိုမဆို ဘက်မလိုက်ဘဲ အကျဉ်းထောင်အက်ဥပဒေ၊ နည်းဥပဒေနှင့်အညီသာ အုပ်ချုပ်လျက်ရှိကာ အကျဉ်းသူများအပေါ်တွင် သွေးခွဲအုပ်ချုပ်ခြင်း၊ ဖိနှိပ်ခြိမ်းခြောက်ခြင်း၊ အကျဉ်းသူမိသားစုများထံတွင် ငွေကြေးတောင်းခံခြင်းများမရှိဘဲ ဥပဒေမဲ့ဆောင်ရွက်ကြောင်း အထောက်အထားဖြင့် တင်ပြလာပါက စစ်ဆေး၍ ပေါ်ပေါက်ပါက အရေးယူမည်ဖြစ်သည်။

 

သာယာဝတီဗဟိုအကျဉ်းထောင်အနေဖြင့် ၎င်းအကျဉ်းသူနှစ်ဦးအား တရားဝင် အပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ထောင်တာဝန်ခံအရာရှိမှ ပြင်ပသို့ မပေါက်ကြားစေရန် အကျဉ်းသူများကို ခြိမ်းခြောက်ပြောဆိုခြင်းများ မရှိကြောင်း၊ Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်း ဖော်ပြခြင်းသာဖြစ်သည်။

 

သစ္စာ