သဲကုန်း မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တီဘီရောဂါရှိ မရှိ(အခမဲ့) စစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်(၂)၊ ကန်တော်မင်္ဂလာရပ်ကွက် ဆရာအတက်သင် (၂)လမ်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ကျန်းမာရေး မှူးအသင်းတို့ ပူးပေါင်း၍ တီဘီရောဂါကူးစက်နိုင်သော နည်းလမ်းများ၊ တီဘီရောဂါ လက္ခဏာများ၊ တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်သူများ၊ တီဘီရောဂါရှိ/မရှိ စစ်ဆေးနိုင်သော နည်းလမ်းများနှင့် ကာကွယ်နိုင်သောနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် မြို့နယ်အတွင်းရှိ တီဘီရောဂါသံသယရှိလူနာများအား တီဘီရောဂါရှာဖွေစမ်းသပ်ခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး တီဘီရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(သဲကုန်း)


