သဲကုန်း   ၈   မေ

 

တရုတ်နိုင်ငံမှ မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာကြသော သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ များမှ နေရပ်ပြန်ပြည်သူများကို ယမန်နေ့ည ၇ နာရီခွဲအချိန်က သဲကုန်းမြို့နယ် ကိုဗစ်-၁၉ ဦးစီး ကော်မတီမှ ဦးဆောင်၍ ကြို့ပင်သာကျေးရွာ(ဝက်ပုတ်)ရန်ကုန်-ပြည်လမ်းမကြီးသို့ သွားရောက် ကြိုဆိုခဲ့သည်။

 

အဆိုပါ နေရပ်ပြန် သဲကုန်းမြို့နယ်သားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြို့ပင်သာကျေးရွာ (ဝက်ပုတ်) ဂရုဏာနာရေးကူညီမှုအသင်း၊ ချားလျားကုန်းကျေးရွာ မုဒိတာလူမှု ကူညီရေးအသင်း၊ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းတို့မှ တာဝန်ရှိသူများမှ စနစ်တကျ သွားရောက်ကြိုဆိုခဲ့ကြပြီး သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Facility Quarantine Centre များသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

 

တရုတ်နိုင်ငံမှ သဲကုန်းမြို့နယ်အတွင်းသို့ ယခုပြန်လည်ရောက်ရှိလာသူများမှာ စုစုပေါင်း ၃၆ ဦးဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် Facility Quarantine Centre များတွင်  ၂၁ ရက်ထားရှိကာ စနစ်တကျ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)