သဲကုန်း မေ ၂၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီ ကျောင်းအပ်နှံနိုင်ရေးကိုလည်း မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင် ဆရာ/ ဆရာမများမှ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး KG တန်းမှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ ထုတ်ပေးလျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ​ခြင်း ဆောင်ရွက်လျက်ရှိပြီး သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း (၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း (၁၆၀)ကျောင်း၊ မူလတန်းခွဲ (၃)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၉၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁)ကျောင်းတို့၌ မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကိုကျော်(ပြန်/ဆက်)