သဲကုန်း ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာ သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံနေကြာ ၁၁၄ ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ကြားညှပ်သီးနှံအဖြစ်လည်းကောင်း၊ စိုက်ဧကများဖြင့် ခြောက်သွေ့သော ဒေသများရှိ မြေစေးမြေများတွင် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြရာ နေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော ဆီထွက်သီးနှံ နေကြာများရရှိကြောင်း နေကြာစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြေပဲ ၄၆၆၆ ဧက၊ နှမ်း ၂၃၃၉ ဧက၊ နေကြာ ၁၁၄ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(သဲကုန်း)


