သဲကုန်း  ၃၀  ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှု၊ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းထွဋ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံများအလိုက် နည်းလမ်း (၄)မျိုး ခွဲခြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို စီမံချက်ကာလ(၁၈)လ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း" အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကျား(၆၂)ဦး၊ မ(၈၂)ဦး၊ ပေါင်း(၁၄၄)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။

သဲကုန်းမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အသက် (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)