သဲကုန်း ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား လစဉ်လတိုင်း ၂၁ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံမှ သိရှိရသည်။
သဲကုန်းမြို့နယ်အနေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုအနေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းလူနာ ၃၁ ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံမှ သိရှိရသည်။
ကိုကျော်(ပြန်/ဆက်)