သဲကုန်း  အောက်တိုဘာ  ၂

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အသက်(၅၅)နှစ်နှင့်(၆၄)နှစ်အတွင်း ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှစတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်အထိ (၆၈၉၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေး  ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  လှည့်လည်ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 

၎င်း ကာကွယ်ဆေးထိုးရာနေရာ၌ လူစု၊ လူဝေး မဖြစ်ပေါ်စေရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက်အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

နိုင်လင်း(မြို့နယ်ပြန်/ဆက်)