သဲကုန်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းမြင့်မားလာသဖြင့် ထိန်းချုပ်ကာကွယ်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် သဲကုန်းမြို့နယ်အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၈ ရက်က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက သဲကုန်းမြို့နယ် ဆေးရုံများတွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းရန်အတွက် ယခုလို အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အား ဆေးရုံတစ်ခုချင်းအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး များ အခက်အခဲမရှိ ထိုးနှံနိုင်ရေးအတွက်လည်း အဖွဲ့(၁၀)ဖွဲ့ခွဲ၍ တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်းစသည်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ဝင်းထွန်း၊ သဲကုန်းမြို့နယ်ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာပြေမိုး၊ ဦးဝေဖြိုးကျော်(ဒုဦးမှူးထွေ/အုပ်)နှင့်တာဝန်ရှိသူအသီးသီးက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာ ဝန်ခံဆရာဝန်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)