သဲကုန်း နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသား စိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကျေးသားအုပ်စုသို့ ကွင်းဆင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများကို မြိုနယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)