ပေါင် ၁၁ သြဂုတ်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၁၈၄/၅မှ ၁၈၄/၆ အကြားရှိ မလတ်တောင် တောင်မြေသားပြိုကျမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် သြဂုတ် ၁၁ ရက် ညနေ ၈ နာရီအထိ သေဆုံးသူအလောင်း ၅၃ ဦးနှင့် အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ ၄၇ ဦးအထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက အတည်ပြုပြောကြားခဲ့သည်။
“ ဒီနေ့က ည ၇ နာရီကျော်အထိဆိုရင် သေဆုံးသူအလောင်း ၅၃ ဦးကို ရှာဖွေထုတ်ယူနိုင်ခဲ့တယ်၊ အသက်ရှင်လျက်ဆိုလို့ မနေ့ညကပဲ ဆိတ်တစ်ကောင်နဲ့ နွားတစ်ကောင်ရတာပါ။နောက်တစ်ခုက ဒေသခံတွေ လာပူးပေါင်းစေချင်တယ်၊ ဘာဖြစ်လဲဆိုတော့ ဒီနေရာမှာ ဘယ်သူရှိလဲ၊ ဘယ်သူနေထိုင်လဲ၊ ဘယ်လောက်ရှိလဲ အဲဒါတွေ သိရင် ရှာဖွေရတာ ပိုအဆင်ပြေတာပေါ့၊ သေဆုံးသူအလောင်းတွေ့လို့ရှိရင် ခက်ခက်ခဲခဲနဲ့ သေချာထုတ်ယူနေရတဲ့ အနေအထား ရှိနေပါတယ်၊ စဖြစ်တဲ့နေ့ကဆိုရင် အမျိုးသားတစ်ဦး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့ ၂၈ ဦးမြောက်သူဆိုရင် ပရိုဘောက်ကားထဲမှာ ညပ်နေတယ်၊ သူတို့မိသားစုက ကားစီးလာတယ်၊ အမေတစ်ယောက်၊ သမီးတစ်ယောက်ကို ကယ်ထုတ်နိုင်တယ်၊ အဲအကိုကြီးကို မနက် ၈ နာရီကနေ ကယ်ထုတ်လိုက်တာ ညနေ ၆ နာရီလောက်မှာမှ အသက်ရှင်လျက်ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်နိုင်တဲ့ အနေအထားရှိခဲ့ပါတယ်၊ အခုဆိုရင် ရှာဖွေကယ်ဆယ်ရေးအပိုင်းကို အဖွဲ့လိုက် နေရာချထားတဲ့ အခါကျတော့ ပိုအဆင်ပြေသွားကြတာပေါ့။” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို)ရုံးချုပ်မှ ခေတ်မီစက်ကိရိယာပစ္စည်းအစုံအလင်ပါရှိသည့်ကားနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထူးတပ်ဖွဲ့ဝင် ၁၂ ဦးမှ သေဆုံးသူအလောင်းရှိ၊မရှိ ခေတ်မီစက်ကိရိယာများနှင့် တပ်မတော်သားများ၊ လူမှုကူညီကယ်ရေး အသင်းများတို့ဖြင့် ရှာဖွေကယ်ထုတ်ပေးနေကြောင်း ဦးတင်သောင်းဦးက ဆက်လက်ပြောသည်။
သဲဖြူကုန်းကျေးရွာ မလတ်တောင်မြေသားပြိုကျမှုတွင် ရွှေငွေလက်ဝတ်ရတနာများ၊ ငွေသားများ၊ လိုင်စင်ကတ်ပြားများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သက်သေခံကတ်ပြားများ ရှာဖွေတွေ့ရှိခဲ့သည့်အပြင် လူသေအလောင်းဟု ယူဆရသော အလောင်းများ တွေ့ရှိထားသော်လည်း ထုတ်ယူရန်ခက်ခဲနေကြောင်း ကယ်ဆယ်ရေး လုပ်ကိုင်ဆောင်ရွက်နေသူများ ပြောပြချက်မှ သိရသည်။
ပေါင်မြို့နယ်တွင် မြေပြိုမှုဖြစ်ပေါ်နေသည့်နေရာနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက “ မိုးရေချိန်အရမ်းများတော့ ဖြစ်တဲ့နေရာက များလာတယ်ပေါ့၊ ဒီနေ့မနက်ဆိုရင် ပေါင်ကျွဲခြံနဲ့ နည်းနည်းထပ်ပြိုကျတယ်ပေါ့၊ အဲဒီပတ်ဝန်းကျင်ကလူတွေကို မနေ့ကတည်းက ပြောင်းရွေ့ထားခိုင်းပါတယ်၊ ဒီနေ့မနက်မှာ ဖြူဘမှာ နည်းနည်းပြိုကျတာပေါ့ နော်၊ လူတွေတော့ ထိခိုက်မှု မရှိဘူး၊ ဒါပေမယ့် ထပ်ပြိုကျနိုင်တဲ့ အနေအထားရှိနိုင်တဲ့အတွက် အဲဒီနေရာက လူတွေကို ဘေး လွတ်ရာကို ရွေ့ပြောင်းပေးထားပါတယ်”ဟု ၎င်းက ပြောသည်။
သြဂုတ်လ ၉ ရက်နေ့မှ ယနေ့အထိ ပေါင်မြို့နယ်တွင် တောင်မြေသားပြိုကျမှု ၆ နေရာရှိနေပြီးဖြစ်သည့်အပြင် ထပ်မံပြိုကျနိုင် သည့်အနေအထားရှိနိုင်သည်ဟု တာဝန်ရှိသူများမှ ထုတ်ပြန်ထားသည့်အတွက် ဒေသခံများမှ စိုးရိမ်နေကြကြောင်း ဒေသခံ များထံမှ သိရသည်။
ပေါင်မြို့နယ်မလတ်တောင်မြေပြိုကျမှုထဲသို့ ပါဝင်ခဲ့သော မိသားစုဝင်များအား ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့ လှူဒါန်းမှုအပြင် စေတနာရှင်ပြည်သူများမှ လှူဒါန်းထားသော စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများအပြင် ငွေကျပ်သိန်း ၂၀ဝ ကျော်ခန့် လာရောက်လှူဒါန်းထားကြောင်း ပေါင်မြို့နယ်သဘာဝဘေးကွပ်ကဲရေးရုံမှ သိရသည်။
ကိုဟိန်း( ပေါင် )


