သတင်းဆောင်းပါး- နဒီမင်း၊

ဓာတ်ပုံ- ကိုအောင်(စိုက်ပျိုးရေး)

 

“ဝဥက ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပါ”ဟု ဆိုလာသူက ချင်းတိုင်းရင်းသား ကိုဆလိုင်းကျော်ပင် ဖြစ်သည်။

 

သူ၏ဇာတိမြေ ချင်းတို့ဌာနေသည် သဘာဝတောတောင် အလှအပများကို ပိုင်ဆိုင်ထားရုံ သာမက အရည်အသွေး ကောင်းမွန်သည့် ဝဥပင်တို့ ပေါက်ရောက် ရှင်သန်ရာ၊ အဓိကဖြစ်ထွန်းအောင်မြင်ရာ ဒေသတစ်ခုဟုဆိုလျှင် မှားမည် မထင်ပေ။

 

“ဝဥရဲ့သဘောတရားက ပေါင်းရှင်းပေးဖို့ပဲလိုတာ၊ ဝဥက ဓာတ်မြေသြဇာလည်း ကျွေးစရာမလိုဘူး၊ တချို့တွေဆို ဝဥပဲစိုက်တယ်။ တစ်နှစ်တစ်နှစ် ဖော်လိုက်တာနဲ့ သိန်းရာနဲ့ချီရတာလေ’’ ဟု ချင်းတိုင်းရင်းသား ကိုဆလိုင်းကျော် က ပြောသည်။

 

ဝဥမျိုးစိတ်ပေါင်း ၈၀ ခန့်ရှိ

 

ကမ္ဘာပေါ်တွင် ဝဥမျိုးစိတ်ပေါင်း ၈၀ ခန့်ရှိပြီး ဝဥကို လွန်ခဲ့သည့်နှစ်ပေါင်း များစွာကပင် ဂျပန်နိုင်ငံ၌ ဆေးဝါးအဖြစ် သုံးစွဲကြသည်။ ဝဥသည်သဘာဝမြေအောက်ရှိ သတ္တုဓာတ်များ ပါဝင်သော ရေ ၉၀ ရာခိုင်နှုန်း စုပ်ယူထားသောကြောင့် ကိုယ်လက်ကျန်းမာ ကြံ့ခိုင်စေသည်။ ပိန်းရိုင်းပင်များကဲ့သို့ပင် လျှာယားစေသည့် Oxalid acid ပါဝင်သည့်အတွက် အစိမ်းစား၍ မသင့်ပေ။ ကုန်ချောပစ္စည်းအဖြစ် အသွင်ပြောင်း၍ မုန့်မျိုးစုံ၊ အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှု ကုန်ကြမ်း၊ တိုင်းရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများစွာ ထုတ်လုပ်လျက် ရှိသည်။

 

ဝဥ၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဒေသဖြစ်ပြီး အပူပိုင်းအာရှ၊ အာဖရိကနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့တွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်ကြပြီး မြန်မာနိုင်ငံတွင် တွေ့ရသည့် ဝဥမျိုးများတွင် Glucoman- nan ၆၀ ရာခိုင်နှုန်းကျော် ပါဝင်သဖြင့် အခြားအာရှဒေသများက ထွက်ရှိသည့် ဝဥများထက်ပင် အရည်အသွေး သာလွန်ထူးကဲ ကောင်းမွန်သည် ဟု ဆိုရမည်။

 

ထို့ကြောင့်ပင် မြန်မာနိုင်ငံက ထွက်ရှိသည့် ဝဥများကို တရုတ်၊ ဂျပန်၊ ကိုရီးယား နှင့် အိန္ဒိယနိုင်ငံများက အထူး ကြိုက်နှစ်သက် ဝယ်ယူကြသည်။

 

“အဓိကက ချင်းပြည်နယ်မှာထွက်တဲ့ တောင်ပေါ်ဒေသမျိုး ပန်းရောင်မျိုးနဲ့ ပဲခူးရိုးမတစ်လျှောက်မှာထွက်တဲ့ အဝါရောင်မျိုးတွေက Glucoman- nan ပါဝင်မှုက သူ့စံထားသတ်မှတ်ချက်ထက် ကျော်လွန်ကောင်းမွန်နေတယ်။ အညာဒေသဘက်က အဖြူရောင်ကတော့ Glucoman-nan ပါဝင်မှုနည်းတယ်။ ကျွန်တော်တို့နိုင်ငံက တကယ်တော့ ကုန်ချောက အလိုလိုကောင်းပြီးသားဖြစ်နေတယ်။ အဲဒါကြောင့် ဘုရားပေးတဲ့ လက်ဆောင်လို့ပြောကြတာ’’ဟု စိုက်ပျိုး ရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညောင်နှစ်ပင်စိုက်ကွင်းမှ ခြံတာဝန်ခံ ဦးအောင်သွင်ကိုက ပြောသည်။

 

ဝဥစိုက်ဧက သိန်းနှင့်ချီ ရှိလာပြီ

 

ဝဥကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းတွင်လည်း ဝဥစိုက်ပျိုးလာသဖြင့် ယခုဆိုလျှင် တစ်နိုင်ငံလုံးတွင် ဝဥစိုက်ဧက သိန်းနှင့်ချီ ရှိလာပြီဖြစ်သည်။

 

ဝဥသည် အစိုဓာတ်ထိန်းထားနိုင်ပြီး မြေဆွေးဓာတ်များသော နုန်းမြေ၊ သစ်တောမြေနှင့် ရေစီးရေလာ ကောင်းသောရေမဝပ်သော မြေအမျိုးအစားတွင် ရှင်သန်ပေါက်ရောက်ကြီးထွားနိုင်သည်။ ရေငတ်ဒဏ်ခံနိုင်သော်လည်း ရေဝပ်လျှင် ဥပုပ်တတ်ပြန်သည်။ မြေငန်ကိုကား ကြိုက်နှစ်သက်မှု မရှိပေ။

 

ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် ၆၀ လက်မမှ ၁၂၀ လက်မကြား၊ အပူချိန် ၂၅ ဒီဂရီမှ ၃၅ ဒီဂရီစင်တီဂရိတ်၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၀၀၀ နှင့် ၅၀၀၀ ကြား စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင် ပေ ၂၅၀၀ နှင့်အထက် စိုက်ပျိုးပါကအရိပ်မလိုပေ။ ပေ ၁၀၀၀ အောက် စိုက်ပျိုးပါက ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကြား အရိပ်ရရန်လိုအပ်ပေသည်။

 

ဝဥကို နှစ်ရှည်စိုက်ခင်းများဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ ဆီအုန်း စသည့်စိုက်ခင်းများတွင် ဝင်ငွေရ ကြားသီးနှံအဖြစ်စိုက်ပျိုး နိုင်သကဲ့သို့ သီးသန့်စိုက်ခင်းများအဖြစ်လည်း စိုက်ပျိုးနိုင်သည်။

 

မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သော ဒေသမှလွဲ၍ နိုင်ငံအနှံ့ အလေ့ကျ ပေါက်ရောက်နိုင်သော်လည်း အချိန် မတိုင်မီ ရိတ်သိမ်းမှုများကြောင့် သဘာဝ ပေါက်သော ဝဥများမှာမျိုးတုံးလုနီးပါး ဖြစ်လာခဲ့သည့်အတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ စနစ်တကျ စိုက်ခင်းများအဖြစ် စမ်းသပ်စိုက်ပျိုးလာခဲ့ခြင်း ဖြစ်သည်။

 

“ဝဥက သဘာဝအတိုင်းပေါက်တဲ့ အခါမှာ ဒီအပင် ဒီနေရာမှာ ရှိတယ် ဆိုတာ အပင်ကျသွားတာနဲ့ ဥက ရှာမတွေ့တော့ဘူး၊ တူးတဲ့အခါ အဆင် မပြေတာတို့၊ အရည်အသွေးမကောင်း တာတို့ ဖြစ်တဲ့အခါကျတော့ ကိုယ့်ခြံ ထဲမှာ ကိုယ်စိုက်တဲ့အခါကျတော့ မှတ်ထားပြီးတော့ တူးဖော်လို့ရတာ ပေါ့’’ဟု ဦးအောင်သွင်ကိုကပြောသည်။

 

 

mdn

 

 

အချိန်ကာလအားဖြင့် လေးနှစ်ခန့်လိုအပ်

 

ဝဥကို ပန်းခိုင်မှလည်းကောင်း၊ ရွက်သီးမှလည်းကောင်း၊ ဥမှလည်းကောင်း နည်းမျိုးစုံဖြင့် မျိုးပွားနိုင်သည်။ ပန်းခိုင်သီးများကို စိုက်ပျိုးရာတွင် သဲစိုပေါင်များ၊ သဲအိတ်များဖြင့် ပျိုးထောင်စိုက်ပျိုးရမည်ဖြစ်ပြီး စျေးကွက်ဝင် ဝဥရရှိရန် အချိန်ကာလအားဖြင့် လေးနှစ်ခန့် လိုအပ်သည်။ရွက်သီးများကို စိုက်ပျိုးရာတွင် စျေးကွက်ဝင် ဝဥဖြစ်လာရန် အချိန် ကာလအားဖြင့် နှစ်နှစ်မှ သုံးနှစ်ခန့် လိုအပ်သည်။

 

ဥများကို စိုက်ပျိုးရာတွင် ၂၅ ကျပ်သားအရွယ် ဥများကို စိုက်ပျိုးခြင်း၊ တစ်ပိဿာခန့်ရှိ ဥများကို လေးစိတ် စိတ်ပြီး ပြာလူး၍သော်လည်းကောင်း၊ ထုံးသုတ်၍သော်လည်းကောင်း စိုက်ပျိုးခြင်း၊ မျိုးဥကွဲများကို တစ်လုံးစီဖဲ့၍ စိုက်ပျိုးခြင်း စသဖြင့်အမျိုးမျိုးရှိပြီး နှစ်ချင်း စျေးကွက်ဝင် ဝဥမျိုးကို ရရှိနိုင်သည်။

 

 “ဝဥက ပန်းခိုင်ကလည်း ပြန်ပေါက်တယ်။ ရွက်သီးကြွေကျရင်လည်း ပြန်ပေါက်တယ်။ ဥကနေလည်း ပြန်ပေါက်တယ်။ သခင်မစွန့်တဲ့သီးနှံလို့ ဒါ့ကြောင့် ခေါ်ကြတာ’’ဟု ဦးအောင် သွင်ကိုက ပြောသည်။

 

အေး၍ခြောက်သွေ့သောနေရာ၌သိုလှောင်ထားသင့်

 

ရိတ်သိမ်းပြီး ဝဥများကို ကုန်ချော ထုတ်လုပ်မည့် စက်ရုံသို့မပို့မီ သို့မဟုတ် မျိုးအဖြစ် ပြန်လည်အသုံးမပြုမီ လေဝင် လေထွက်ကောင်းပြီး အေး၍ခြောက်သွေ့ သောနေရာ၌ သိုလှောင်ထားသင့်သည်။

 

“ဝဥကုန်ကြမ်းတွေကို အမှုန့်ကြိတ်မယ်ဆိုရင် ကစီဓာတ်ပါတဲ့ ပေါ့ပါးတဲ့အမှုန့်နဲ့ အလေးချိန်ရှိတဲ့ Glucoman- nan ဆိုပြီး နှစ်မျိုးထွက်လာမယ်။ Glucoman- nan ပါဝင်တဲ့ အမှုန့်တွေကတော့ ပြည်ပကို ကုန်ချောထုတ်လုပ်ဖို့အတွက် တင်ပို့ပါတယ်။ ကျန်တဲ့ ပေါ့ပါးတဲ့ အမှုန့်တွေကတော့ ပြည်တွင်းမှာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုပါတယ်’’ဟု ဦးအောင်သွင်ကိုက ပြောသည်။

 

ဝဥစိုက် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် ရွေးချယ်နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိသည့်အပြင် နည်းပညာပံ့ပိုးမှုများ၊ တောင်သူပညာ ပေးသင်တန်းများကို နေရာဒေသအနှံ့ ပို့ချပေးလျက်ရှိသည်။

 

“ချင်းပြည်နယ်က မျိုးကောင်းတယ်ဆိုပြီး ရန်ကုန်ကိုယူစိုက်ရင် အရည်အသွေးက မမီတော့ဘူး။ တောင်ပေါ်ဒေသတွေမှာ ကောင်းတယ်ဆိုပေမယ့် မြေပြန့်မှာစိုက်တဲ့အခါ စျေးကွက်မီဖို့ အလွန်ကြာတယ်။ သူ့ဒေသအလိုက် သင့်တော်တဲ့မျိုးကိုပဲ စိုက်ရမှာ။ စိုက်ချင်လို့ သိလိုတာရှိရင် စိုက်ပျိုးရေးဌာနကို ဆက်သွယ်လို့ ရပါတယ်’’ဟု ဦးအောင်သွင်ကိုက ပြောသည်။

 

mdn

 

စက်မှုကုန်ကြမ်းသီးနှံ

 

ဝဥသည် အခြားသီးနှံမဖြစ်ထွန်းသည့် နေရာဒေသများတွင် အစားထိုးသီးနှံအဖြစ် စိုက်ပျိုးရသည့် သီးနှံမျိုးကား မဟုတ်ချေ။ နှစ်ရှည်စိုက်ခင်းများကြား ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သောကြောင့် စိုက်ပျိုးသင့်သော စက်မှု ကုန်ကြမ်းသီးနှံ ဖြစ်သည်။

 

တောင်သူများအနေဖြင့် တစ်နှစ်အတွင်း စျေးကွက်ဝင်သည့် ဝဥမျိုးများ စိုက်ပျိုးရာတွင် တစ်ဧကလျှင် စိုက်ပျိုး ကုန်ကျငွေကျပ် သိန်း ၅၀ ခန့် ရင်းနှီးရပြီး ပြန်ရငွေမှာ မြေအခြေအနေနှင့် ပြုစုမှုပေါ်မူတည်၍ ကျပ် သိန်း ၈၀ မှ ၁၀၀ ကြား အမြတ်ရနိုင်သည့် သီးနှံမျိုးဖြစ်သည့်အတွက် အရင်းကြီးပြီး အမြတ်လည်းကြီးသည့် သီးနှံမျိုးဖြစ်သည်။

 

တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ စသဖြင့် ပြည်ပပို့ကုန်စျေးကွက် အခိုင်အမာရရှိပြီးဖြစ်သည့် ဝဥသည် ကိုဗစ်-၁၉ ရောဂါနှင့် ဝဥစိုက်ပျိုးရာ နေရာဒေသအချို့တွင် ဝဥစိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီး ဝဥများကို မျိုးအတွက် ဥများတူးဖော်ရန် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် လက်ရှိအချိန်တွင် စျေးကွက်အခြေအနေမှာ အေးလျက်ရှိသည်။

 

mdn

 

ဝဥစိုက်ရာသီချိန်

 

သို့ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ဝဥစိုက်ပျိုးဖြစ်ထွန်းသည့် ဒေသများမှ တောင်သူများအနေဖြင့် စျေးကွက် ပြန်လည်ဦးမော့လာချိန်တွင် ပို့ကုန်စျေးကွက်၌ မျက်နှာပန်းလှစွာ တင်ပို့နိုင်ရေးအတွက် ဝဥစိုက်ရာသီချိန်တွင် မိမိတို့ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးထားသင့်ပေသည်။

 

“မြန်မာတစ်နိုင်ငံလုံးမှာ ဝဥစိုက်လို့မရတဲ့ နေရာရယ်လို့တော့ မရှိဘူး။ ဝဥတို့၊ ပီလောပီနံတို့ ဆိုတာက သူ့ရဲ့ မူလဇာစ်မြစ် စိုက်ပျိုးဒေသမှာ မြန်မာနိုင်ငံပါတယ်။ ဘယ်မှာစိုက်စိုက် စိုက်လို့ရတယ်ဆိုပေမယ့် စျေးကွက် ဝင်ဖို့တော့ လိုလိမ့်မယ်။ အရည်အသွေးပြည့်တဲ့ ပို့ကုန်ဖြစ်ဖို့ နိုင်ငံတကာ စျေးကွက်ဝင်ဖို့ဆိုရင် ပြုစုပျိုးထောင်မှု နည်းစနစ်မှန်ဖို့ လိုပါတယ်။ အရင်းများတဲ့အတွက် စီးပွားဖြစ်စိုက်မယ်ဆို သေချာလေ့လာပြီး စိုက်ဖို့လိုတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ဦးအောင်သွင်ကို က အကြံပြုပြောကြားသည်။ ။