ကော့သောင်း ၂၄ ဇွန်
ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်း ကျွန်းများတစ်ဝိုက် ပင်လယ်လိပ်များ ပေါက်ဖွားကြီးပြင်း တိုးပွားများပြားလာရေး ပင်လယ်လိပ်မျိုးစိတ် တစ်မျိုးဖြစ်သည့် Loggerhead လိပ်ခွေးအမျိုးအစား သားပေါက်အကောင်ငယ်များအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ဦးဖီးကျွန်းကမ်းခြေ သဲသောင်ပြင်မှတစ်ဆင့် ပင်လယ်အတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ညောင်ဦးဖီးကျွန်းသည် ကော့သောင်းမြို့မှ ရေမိုင် ၃ဝ ခန့်ကွာဝေးပြီး အက်ဒမန်ပင်လယ်အတွင်းရှိ သာယာလှပသော ကျွန်းငယ်လေးဖြစ်ကာ သဘာဝပတ်ဝန်းကျင် အနေအထားအရ ပင်လယ်လိပ်ကြီးများ ဥချမွေးဖွားကြီးပြင်းလေ့ရှိသည့် ဖြူလွှနှုးညံ့သည့် သဲသောင်ပြင်တန်းများ ရှည်လျားများပြားစွာ တည်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလျက်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။
အရွယ်အစား နှစ်လက်မခွဲအရွယ်ရှိ လိပ်သားပေါက် အကောင် ၂၀ ခန့်အား ဟိုင်းကြီးကျွန်းဒေသမှ ယခုနှစ် မတ်လအတွင်းက ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သယ်ယူလာခဲ့ပြီး ကော့သောင်းမြို့နယ် ညောင်ဦးဖီးကျွန်း သဲသောင်ပြင်တွင် သဘာ၀ပတ်ဝန်းကျင်အတိုင်း အထူးစီမံပြုပြင်ဖန်တီးထားသည့် ပြုစုကန်တွင် သုံးလကျော်ခန့် အစာကျွေးမွေးမြူထားခဲ့ကြောင်း၊ ယခုအရွယ်ရောက်ချိန် လေးလက်မခွဲခန့်အရွယ်တွင် ပင်လယ်ပြင်အတွင်း သဘာဝအတိုင်း ကြီးပြင်းပေါက်ဖွား တိုးပွားများပြားလာရေး လိပ်မျိုး ထိန်းသိမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် လွှတ်ပေးခဲ့ကြခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။
အဆိုပါလိပ်မျိုးစိတ်သည် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် ရှားပါးမျိုးသုဉ်းလုနီးပါးဖြစ်သဖြင့် လိပ်ကောင်ရေ များပြားတိုးပွားလာကာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်ရေသယံဇာတများ တစ်ဖက်တစ်လမ်းမှ တိုးပွားလာရေးနှင့် မြန်မာနိုင်ငံ၏ သဘာဝခရီးသွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေး ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


