၃၁ ဇူလိုင်


သားအိမ်ခေါင်းကင်ဆာခံစားနေရတဲ့ လူနာတွေက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တဲ့ အိပ်မပျော်တဲ့ ရောဂါတစ်မျိုးကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးဆိုင်တွေမှာ အိပ်ဆေးသွားမဝယ်ခင် အခုပြောပြသွားမယ့် သဘာဝနည်းလမ်းတွေကို အရင်စမ်းကြည့်ပါ။ သင့်ကို အံ့သြသွားလောက်အောင် ကောင်းကျိုးတွေ ပေးနိုင်ပါလိမ့်မယ်။


နို့ပူပူနွေးနွေးသောက်ပါ


နို့ကအိပ်မပျော်ခြင်းကို ကျော်လွှားနိုင်မယ့် အစားအသောက်တွေထဲက တစ်ခုပါ။ နို့က ဦးနှောက်ကို melatonin ထုတ်ဖို့ ကူညီပေးတဲ့ ကယ်လ်စီယမ်ထုတ်ပေးပါတယ်။ နေ့စဉ်အိပ်ယာမဝင်ခင် နို့ပူပူလေး တစ်ခွက်သောက်ကြည့်ပါ။ နို့ရဲ့ ကောင်းကျိုးကတော့ သင့်ကို အေးချမ်းစွာ အိပ်စေမှာပါ။


လျှပ်စစ်ကိရိယာတွေအကုန်ပိတ်ထားပါ


ညဘက် ထိန်လင်းနေတာက သင့်ကို အိပ်ငိုက်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။ သင့်အခန်းက မှောင်နိုင်သမျှ မှောင်နေရပါမယ်။ ဒါ့အပြင် သင့်အနေနဲ့ အိပ်ယာမဝင်ခင်ဖုန်း၊ TV နဲ့ကွန်ပျူတာစတဲ့လျှပ်စစ်ကိရိယာတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ အိပ်ခါနီး ညအချိန်မှာ ဒါတွေကို အသုံးပြုခြင်းကအလေ့အကျင့်ဆိုးတစ်ခုဖြစ်တဲ့အတွက် ဖျောက်သင့်ပါတယ်။ လျှပ်စစ်ကိရိယာတွေက ထွက်တဲ့အလင်းရောင်က သင့်ဦးနှောက်အတွက် မကောင်းပါဘူး။ အနည်းဆုံး ညမအိပ်ခင် ၁ နာရီအလိုမှာလျှပ်စစ်ကိရိယာတွေ အသုံးပြုခြင်း ရပ်လိုက်ပါ။ တကယ်တော့ သင့်အခန်းထဲမှာကိုက TV  မထားသင့်ပါဘူး။ သင့်အကြိုက်ဆုံး တီဗွီအစီအစဉ်တွေလာရင်လည်း နောက်မှ အခွေပြန်ဝယ်ကြည့်ပါ။


လေ့ကျင့်ခန်းစောစောလုပ်ပါ


လေ့ကျင့်ခန်းလုပ်ခြင်းက လေ့ကျင့်ခန်းလုပ်နှုန်းနဲ့ လုပ်ချိန်အပေါ်မူတည်ပြီး သင့်ရဲ့ အိပ်စက်ခြင်းကို တိုးတက်စေပါတယ်။ လေ့လာမှုတွေအရ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကိုယ်အပူချိန်မြင့်လာပြီး ပြန်လည်ထိန်းညှိဖို့အတွက် ခြောက်နာရီအချိန်ပေးရပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် ကိုယ်ကိုအေးစေပြီးမှ အိပ်ယာဝင်သင့်ပါတယ်။ လက်တွေ့စမ်းသပ်မှုတွေအရမနက်မိနစ် ၃၀ နှုန်း တစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေက လေ့ကျင့်ခန်းနည်းနည်းလုပ်တဲ့၊ နောက်ကျမှလုပ်တဲ့ အမျိုးသမီးတွေထက် အိပ်ရတာ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်စက်ခြင်းအတွက် အကောင်းဆုံး အကျိုးကျေးဇူးပေးပါတယ်။


သင့်ရဲ့အိပ်ယာကိုခွဲထားပါ


သင့်ရဲ့အိပ်စက်တဲ့နေရာကို သက်သက်ခွဲထားပါ။ တခြားလှုပ်ရှားမှုတွေဖြစ်တဲ့ စားသောက်ခြင်း၊အလုပ်လုပ်ခြင်း စတာတွေနဲ့ မသက်ဆိုင်တဲ့ နေရာမှာခွဲထားပါ။ ညသန်းခေါင်ကြီး နိုးလာတဲ့အခါကွန်ပျူတာ၊ တီဗွီတွေသွားဖွင့်မယ့်အစား သင့်ကို အိပ်ငိုက်စေမယ့် စာအုပ်ဖတ်တာဖြစ်ဖြစ် တရားထိုင်တာဖြစ်ဖြစ် လုပ်ပါ။ တကယ်လို့ သင်အိပ်ရေးပျက်တာများနေပြီဆိုရင်တော့ သင့်အိပ်ခန်းကို သေချာပြန်စီစဉ်ဖို့ လိုပါလိမ့်မယ်။


ရနံ့ကုထုံးကိုစမ်းကြည့်ပါ


တချို့အဆီတွေက အိပ်စက်ခြင်းအတွက် အကျိုးသက်ရောက်မှုကောင်းပြီး လာဗင်ဒါရနံ့ကလည်းတစ်ခုအပါအဝင်ပါ။ ဒါက အကုန်အကျနည်းပြီး အဆိပ်အတောက်ကင်းတဲ့ အိပ်စက်ခြင်းကို ကူညီပေးမယ့်အရာပါ။ လာဗင်ဒါဆီနဲ့ မအိပ်ခင် ရေနွေနွေးနဲ့ ရေချိုးခြင်းက သင့်ရဲ့ ကိုယ်နဲ့စိတ်ကိုအေးချမ်းစေပါလိမ့်မယ်။ သင့်အနေနဲ့ ခေါင်းဦးပေါ်မှာ လာဗင်ဒါဆီကို ဖြန်းထားလည်းရပါတယ်။


 သင့်အိပ်စက်ခြင်းကို ဘာက တားဆီးနေလဲဆိုတာ သိဖို့က နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ပြောင်းလဲဖို့လိုပါတယ်။ ဒါ့အပြင် အစားအစာ၊ အထောက်အကူများ၊ ဆေးဖက်ဝင်အပင်တွေကလည်းသင့်ကို အေးချမ်းစွာ အိပ်စက်နိုင်ဖို့ ကူညီပေးမှာပါ။ ဒီနည်လမ်းတွေက သင့်ကိုအိပ်ပျော်ဖို့ကူညီရုံသာမက ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။ သဘာဝနည်းလမ်းတွေ၊ ဆေးဝါးတွေနဲ့တွင် အဆင်မပြေရင်တော့ဆရာဝန်နဲ့ ဆွေးနွေးပါ။


ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”