သဘာဝအလှနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်ရာ အာဆီယံ အမွေအနှစ် အင်းလေးကန်  ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေး

 

မောင်မော်(သတ္တဗေဒ)

 

(ယမန်နေ့မှအဆက်)

 

အင်းလေးကန်အတွင်းရှိ ငါးသယံဇာတများကို ပြန်လည်ဖြည့်တင်းရန် အဘက်ဘက်မှ အားစိုက်ကြိုးပမ်းသင့်ပြီး လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ အင်းလေးကန်ရှိ မြန်မာ့သဘာဝပိုင်ဆိုင်မှုများ ဖြစ်သော အင်းလေးဒေသ ငါးသယံဇာတအရင်းအမြစ်များ အစုလိုက်အပြုံလိုက်ဖြင့် လုံးဝပျောက်ကွယ်မသွားစေရန် ဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်မှုများကို ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအတွင်း ပေါင်းစည်း ညှိနှိုင်းခြင်းများဖြင့် အရေးတယူနှင့် အချိန်မီဆောင်ရွက်မှုမရှိပါက နောက်ဆုံးတွင် အင်းလေးကန်အတွင်းရှိ လူသားတို့အတွက် အင်မတန်အရေးပါသော ငါးသယံဇာတများ မျိုးသုဉ်းပျောက်ကွယ် သွားမည်မှာ မုချဧကန်ပင် ဖြစ်ပါတော့သည်။

 

အင်းလေးကန်တွင် ဒေသရင်းငါးမျိုးများစွာ ရှိသည့်အနက် ၂၀၀၆ ခုနှစ်မှစ၍ တီလားဗီးယားငါးမျိုးများ လွန်စွာပေါများလာခြင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှစ၍ ငါးပြေမနှင့် ငါးကျည်းငါးမျိုးများ ပေါများလာခြင်းတို့ကြောင့် ဒေသတိုင်းရင်းငါးမျိုးများ၏ ဂေဟစနစ်နှင့် ငါးနေထိုင်မှု ကို ထိခိုက်စေသည်။

 

အင်းလေးကန်ရေ ညစ်ညမ်းရသည့် အကြောင်းအရင်းများတွင် ကန်အတွင်းသို့ ခြေတံရှည်လူနေအိမ်များ တိုးချဲ့ဆောက်လုပ်ကာ ကျူးကျော်နေထိုင်ခြင်း ကန်အနီးရွှေ့ပြောင်းတောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် သဲနုန်းပို့ချမှုများပြားခြင်း စက်မှုဇုန်များမှ ရေဆိုးများ ဝင်ရောက်လာခြင်း လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းများ ချဲ့ထွင်ခြင်းမှ မြေသားများကို စုပုံထားချိန် မိုးရာသီရေစီးချိန် တွင် မျောပါ၍ ကန်အတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

 

ထို့ပြင် တရားမဝင်ငါးဖမ်းခြင်း (အဆိပ်ချ၊ မိုင်းခွဲ၊ ဘက်ထရီ လျှော့တိုက်)၊ စိုက်ပျိုးရေးခြံများမှ ပိုးသတ်ဆေးနှင့် မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ ရက်ကန်းလုပ်ငန်း များမှ အဝတ်အထည်ဆိုးဆေးများကို ကန်ရေပြင်အတွင်း တိုက်ရိုက် စွန့်ပစ်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စက်လှေ များ အချိန်မရွေး သွားလာခြင်း၊ စားသောက်ဆိုင်နှင့် လူနေအိမ်များ၊ စက်လှေများမှ အမှိုက်များစွန့်ပစ်ခြင်း၊ လူနေအိမ်များ တိုးချဲ့ဆောက်လုပ်ခြင်း၊ တားမြစ်ထားသော အလှမွေးငါးများကို တင်သွင်းမွေးမြူကြ၍ အကောင်ကြီးထွားလာချိန်တွင် အင်းရေပြင်အတွင်း ဘေးမဲ့လွှတ်ခြင်းတို့ကြောင့် ဒေသရင်းငါးမျိုးစိတ်အများစုမှာ အင်းလေးရေပြင်နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်လျက်ရှိသော လူနေအိမ်ခြေနည်းပါးပြီး ရေအရည်အသွေးကောင်းမွန်သော ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်းသို့ ပြောင်းရွှေ့နေထိုင်ကျက်စားကြသည်။ ယခင်က အင်းလေးကန် အတွင်းမှ ထွက်ရှိသော အလှမွေးငါးများဖြစ်သည့် ငါးသူငယ် ကြယ်ပြောက်၊ ငါးညောင်ရွှေ စသည့် ငါးမျိုးစိတ်များမှ ယခုအခါ အင်းလေးကန်တွင် ဖမ်းဆီးရရှိခြင်း မရှိတော့ဘဲ ဖယ်ခုံအင်းနှင့် ဘီလူးချောင်း တစ်လျှောက်တွင်သာ တွေ့ရှိဖမ်းဆီးရရှိသည်။

 

mdn

 

အင်းလေးကန် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်

 

ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်ပြီး အင်းလေးကန်နှင့် ရေဝေရေလဲဒေသနှင့် ကိုက်ညီ၍ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ပျက်စီးမှု မရှိစေသော ရှင်သန်နှုန်း မြင့်မားစေသည့် နှစ်လက်မအရွယ် ငါးမျိုးများကို ငါးမျိုးစိုက်ထည့်ပေးခြင်း၊ အင်းလေး ကန်အတွင်းရှိ ရေအမြဲရရှိသည့် ဘီလူးချောင်းနံဘေး ရွာများဖြစ်သည့် နောင်တောလယ်ခြေ၊ မန်ကျည်းဆိပ်၊ ဆီဆုံ၊ ပေါက်ပါး(အမှတ်-၂ ရပ်ကွက်)၊ ကြာတော စသည့်ရွာများသို့ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အပံ့များ ပေးအပ်ခြင်း၊ MYSAP စီမံကိန်းနှင့်ပူးပေါင်း၍ အင်းလေးဒေသ ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ငါးမွေးမြူရေးနည်းပညာများ ထောက်ပံ့ပေးခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညောင်ရွှေငါးလုပ်ငန်းစခန်းတွင် အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်နည်း ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရေနေသက်ရှိ သယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ညောင်ရွှေမြို့နယ် ငါးလုပ်ငန်းစခန်းတွင် ရေသတ္တဝါ ဆိုင်ရာ ပညာပေးပြခန်းကို ၂၇-၁၁-၂၀၁၉ ရက်တွင် MYSAP စီမံကိန်းအကူအညီ ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ဒေသခံပြည်သူများ အင်းလေးကန် ရေရှည် ထိန်းသိမ်းနိုင်ရန်နှင့် ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ထိန်းသိမ်း သွားနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။

 

အင်းလေးကန်ဒေသတစ်ဝိုက်သည် ပြည်ပနှင့်ပြည်တွင်းမှ ပညာရှင်များအတွက် လေ့လာရန်နေရာဖြစ်ခြင်း၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသား ကျောင်းသူများအတွက် မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ကျမ်းပြု စာတမ်းများအတွက် အထောက်အပံ့ ဖြစ်စေခြင်းနှင့် စိတ်ပါဝင်စားသည့်အဖွဲ့အစည်းများအတွက် သုတေသနပြုလေ့လာရာ ဒေသဖြစ်ခြင်း၊ အင်းလေးကန်နှင့် အင်းလေးကန်ဒေသအနီးတစ်ဝိုက်တွင် တွေ့ရှိရ သည့် ငါးမျိုးစိတ်များမှ လူသားများ စားသုံးရန်အပြင် အလှမွေးငါးအဖြစ် ပြည်ပဝင်ငွေရရှိရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက်ရှိသည်။

 

အင်းလေးကန်မတိမ်ကောစေရေး ဆောင်ရွက်မှုများ

 

မြန်မာနိုင်ငံ၏ရေတိမ်ဒေသများ(wet land)တွင် ဒုတိယအကြီးဆုံး (ASEAN Heritage Park) အာဆီယံရှေးဟောင်း အမွေအနှစ်ဖြစ်သော အင်းလေးကန်သည် ၁၉၈၉ ခုနှစ်အတွင်း ရေနည်းပါးလာပြီး ညောင်ရွှေ မြို့မှ အင်းလေးကန်ဝအထိ ယခုလက်ရှိ အသုံးပြုနေသော နန့်ကတ် ချောင်း ရေလမ်းကြောင်း သဲနုန်းအနည်ပို့ချခြင်းကြောင့် တိမ်ကောလာပြီး ရေလမ်းခရီး သွားလာရေးအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ၎င်းအချိန်တွင် ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရာသီမရွေးသွားလာနိုင်ရန်အတွက် နန့်ကတ်ချောင်းအပါအဝင် ရေလမ်းကြောင်းများ တူးဖော်ရန်ကို ၁၉၈၉ ခုနှစ် ဇွန်လမှ စတင်မြေပြင်တိုင်းတာသွားပြီး ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်၍ သောင်ကူးသင်္ဘောဖြင့် တူးဖော်မှုစတင်ခဲ့သည်။

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည့်တံ့ ခိုင်မြဲရေးလုပ်ငန်းများအား အခြားသက်ဆိုင်ရာဌာနများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် (၁၂-၁၀-၁၉၉၂)ရက်မှစတင်၍ ဆည်မြောင်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအား ညောင်ရွှေမြို့တွင် သီးခြားဖွင့်လှစ်၍ ယခုချိန်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

နိုင်ငံတော်အကြီးအကဲ ရောက်ရှိစဉ် အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည်-

 

(က) အင်းလေးကန်အတွင်း နောင် ကျေးရွာများ၊ အိမ်များ၊ ကျွန်းမျောများ တိုးချဲ့တည်ဆောက်ခြင်း မပြုရန်။

(ခ)  အင်းလေးကန်အတွင်း မလိုအပ်သည့် ကျွန်းမျောများ၊ ဒိုက်မှော်များ၊ နုန်းမြေများကို ဆယ်ယူဖယ်ရှားရန်။

(ဂ) ကန်ပတ်လည် မိုင် ၂၀ အတွင်း သစ်တော၊ သစ်ပင်များ ခုတ်ယူခြင်းနှင့် တောင်ယာများပြုလုပ်ခြင်းကို တားမြစ်ရန်။

(ဃ) အင်းလေးကန် ရေဝေရေလဲ ဒေသထိန်းသိမ်း ကာကွယ်ရေးအတွက် သစ်တောရေးရာဝန်ကြီးဌာနက ထိန်းသိမ်းရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။

(င) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ကို ယင်းဒေသတွင် သီးခြား ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

(စ) လုပ်ငန်းကြီးကြပ်ကွပ်ကဲမှု အဖွဲ့ရုံးများကိုလည်း ညောင်ရွှေ မြို့တွင် ရုံးစိုက်ထားရှိရန်တို့ ဖြစ်ပါသည်။

 

 အင်းလေးကန်မတိမ်ကောစေရေးအတွက် ယခင် ညောင်ရွှေစော်ဘွားကြီးလက်ထက် ဆောင်ရွက်မှုများ

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ရှိညောင်ရွှေမြို့နယ် အင်းလေးကန်ထိန်းသိမ်းရေးတာဝန်ခံ၏ လေ့လာ တွေ့ရှိပြောပြချက်များအရ ယခင်စော်ဘွားများလက်ထက် အင်းလေးကန် ထိန်းသိမ်းရေး ဆောင်ရွက်မှုအား အောက်ပါအတိုင်း သိရှိရသည်-

 

ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်လက်ထက် ၁၉၀၀ ပြည့်နှစ် ပတ်ဝန်းကျင်ခန့်က ဆောင်ရွက် အကောင်အထည်ဖော်ခဲ့သော တစ်ဖက်ဆည်ကန်တွေကို အင်းလေးကန်ရဲ့ အရှေ့ဘက်ခြမ်းမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသော ကန်ကိုးကန်ကို စတင်မြင်တွေ့ခဲ့ရသည်။ မြောက်ဘက် ကုန်းလှိုင်နယ် ကျီးဖြူကန်မှ စ၍ တောင်ဘက် မိုင်းပျိုးနယ် လွယ်မောကန်တော်ထိ တူးဖော်ဆောင်ရွက်ခဲ့သော မှတ်တမ်းအား တွေ့ရှိရပါသည်။ စော်ဘွားကြီး အကောင်အထည်ဖော်ခဲ့သော ကန်ကိုးကန်သည် မြောက်ဘက်မှ စတင်ရေတွက်လျှင် ကျီးဖြူကန်၊ ကုန်းလှိုင်ကန်၊ ကန်ထောင့်ကန်၊ သာစည်ကန်၊ နဒီကန်၊ ကန်တော်ကန်၊ ကန်နီကန်(ယခု လွယ်တန့်နုထန်းတမံ အဖြစ် ဆည်မြောင်းမှ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိသည်)၊ ဖာဖယ်ကန် (ပန်းဖယ်ကန် ဟုလည်း ခေါ်ဝေါ်ကြသည်။)နှင့် လွယ်မောကန်တော်တို့ ဖြစ်ကြလေသည်။

 

အဆိုပါ ကန်အများစုသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည့် ချောင်းများပေါ်တွင် တစ်ဖက်ပိတ်ဆည်ကန်များအဖြစ် တည်ဆောက် ထားခဲ့ကြပြီး စိုက်ပျိုးရေပေးဝေရေးကိုပါ တွဲဖက်ဆောင်ရွက်ခဲ့ကြလေသည်။

 

သို့ဖြစ်၍ အင်းလေးကန်အတွင်းသို့ စီးဝင်မည့် ချောင်းမြောင်းများ သဲနုန်းပါဝင်မှုရှိပါက အဆိုပါဆည်ကန်များတွင် အနည်ထိုင်စေခြင်းဖြင့် နုန်းထိန်းကန်၊ နုန်းစစ်ကန်များအဖြစ် အသုံးပြုခဲ့ကြသည်။ သေးငယ်သည့် သဲနုန်း အမှုန်အမွှားများ ပါဝင်သည့် ရေများကိုလည်း စိုက်ပျိုးရေအဖြစ် အသုံးပြုခဲ့ကြသဖြင့် ထိုအမှုန်အမွှားများသည် လယ်မြေစိုက်ပျိုးမြေများ အတွင်းတွင်သာ အနည်ကျကျန်ရစ်ခဲ့ပြီး ရေကြည်ရေသန့်များသာ အင်းလေးကန်အတွင်းသို့ စီးဝင်လေ့ ရှိကြောင်းတွေ့ရှိရသည်။

 

စော်ဘွားကြီး အုပ်ချုပ်မှုနယ်ပယ်အတွင်းသာ အဆိုပါကန်များကို တွေ့ရှိရပြီး အုပ်ချုပ်မှုနယ်ပယ် ပြင်ပတွင်မူ ဆောင်ရွက်မှု မရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ အင်းလေးကန် အနေအထားကို မြေပုံမှတ်တမ်းများမှတစ်ဆင့် လေ့လာကြည့်ရာ အင်းလေးကန်၏ အရှေ့ဘက်ခြမ်းသည် သဲနုန်းများ အနည်ထိုင်ကျရောက်မှု နည်းပါးခဲ့ပြီး အနောက်ဘက်ကမ်းလောက် ဆိုးရွားမှုမရှိကြောင်း လေ့လာတွေ့ရှိရသည်။

 

အဆိုပါကန်များ တည်ဆောက်ပေးခဲ့မှုကြောင့် စိုက်ပျိုးရေပေးမှု ဆောင်ရွက်နိုင်ခြင်းအား လေ့လာကြည့်ရာတွင် အနောက်ဘက်ခြမ်းတွင် အရှေ့ဘက်ခြမ်းကဲ့သို့ ဆည်ကန်များ တည်ဆောက်ရန် အနေအထားကောင်း မရှိသည်ကို ပထမဦးစွာ လေ့လာတွေ့ရှိရသည်။ ကန်နှင့် ဆက်စပ်နေသည့် မြေပြန့်အနေအထား ကျဉ်းမြောင်းခြင်း၊ ကပ်လျက် တည်ရှိသည့် တောင်တန်းများမှာ လျှောစောက် မတ်စောက်မြင့်မားခြင်း၊ စီးဝင်သည့် ချောင်းများသည်လည်း အရွယ်အစားကြီးမားလွန်းခြင်း နှင့်အတူ တည်ဆောက်ရန် မြေအနေအထားမရှိခြင်းကို တွေ့ရှိရသည်။

 

လျှောစောက်ကြီးမား မြင့်မားသည့် တောင်တန်းကြီးများပေါ်တွင် ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် သစ်ပင် မျိုးများဖြင့် သစ်တောများ ဖွဲ့တည်စိုက်ပျိုးစေသည်။ စိုက်ပျိုးသည့် အမျိုးအစားများ၊ သစ်တောများ၏ အနေအထားကို လိုက်၍ အသုံးပြုရန် ပိုင်းခြားသတ်မှတ်ထားလေသည်။ ဥပမာ-အင်းလေးကန်အတွင်း ကျေးရွာများအတွက် ကျေးရွာပိုင် ထင်းစိုက်ခင်းများကို ထူထောင်သတ်မှတ်ထားရှိပေးထားပြီး အဆိုပါစိုက်ခင်းများတွင် ဖြစ်ထွန်းလွယ်သည့် သစ်ပင် သစ်တောများကို ထူထောင်စိုက်ပျိုးစေပြီး အလှည့်ကျ ခုတ်ယူသုံးစွဲစေကြောင်း သိရှိရ လေသည်။ သို့ဖြစ်၍ မလိုအပ်ဘဲ သစ်ပင်သစ်တောများ ခုတ်ယူမှု မရှိ စေရန် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

 

တောင်တန်းများ၏ အောက်ခြေတစ်လျှောက်တွင်မူ ဝါးပင်များကို စိုက်ပျိုးလုပ်ကိုင်စေကြောင်း ဆက်လက် တွေ့ရှိရလေသည်။ ထိုတောင်ခြေများမှ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်း မပြုနိုင်သေးသည့် တောင်စောင်းဆင်ခြေလျှော တစ်လျှောက်တွင် ကြံကဲ့သို့သော သီးနှံပင်ကို စီးပွားဖြစ်အများအပြား စိုက်ပျိုးလုပ်ကိုင်စေသည်။ ကန်နှင့် ဆက်စပ်လျက်ရှိသည့် မြေနိမ့်လွင်ပြင်များတွင် လယ်ယာအဖြစ် စပါးကို စိုက်ပျိုးလုပ်ကိုင်စေသည်ကို လေ့လာသိရှိရသည်။ သာမန်အားဖြင့်ကြည့်လျှင် ထူးခြားမှုမရှိ သဘာဝအနေအထားအရ စိုက်ပျိုးလုပ်ကိုင်ကြခြင်းဟု ထင်စရာအကြောင်း ရှိလေသည်။ အသေအချာ အလေးအနက် စဉ်းစားကြည့်ပါက တောင်ပေါ်ဒေသ တောင်တန်းများပေါ်မှ သဲနုန်းတိုက်စားပို့ချခံရမှု သက်သာစေရန်၊ သဘာဝဘေးဒဏ်ဖြစ်သည့် တောင်းစောင်းပြိုကျမှုများ သက်သာစေရန် သစ်ပင်သစ်တောများ စိုက်ပျိုးလုပ်ကိုင်စေခြင်းဖြစ်ပြီး အကယ်၍ တိုက်စားပို့ချခံရပါက ကြီးမားသည့် သဲနုန်းအစိုင်အခဲများကို သစ်ပင်သစ်တောများက ကာရံထိန်းသိမ်းထားပေးနိုင်သည်။ ထို့ထက်သေးငယ်သည့် သဲနုန်းအနည်များသည် တောင်ခြေတစ်လျှောက်ရှိ ဝါးပင်များမှ ဆက်လက်ထိန်းသိမ်း ဖမ်းယူထားရှိမည်ဖြစ်ပြီး ဝါးပင်များမှ ဖမ်းယူတားဆီးခြင်း မပြုနိုင်သည့် သေးငယ်သော အရွယ်အစားများကိုမူ ကြံပင်များမှ ဆက်လက်ဖမ်းယူတားဆီးစေမည်ဖြစ်၍ ပို့ကျလာသည့် သဲနုန်းများကို အရွယ်အစားအလိုက် ဖမ်းယူတားဆီးခြင်း ပြုနိုင်စေရန် သဘာဝစိုက်ပျိုးပင်များဖြင့် တားဆီးခဲ့သည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရလေသည်။ ထိုသို့ဖမ်းယူတားဆီးပြီးကျန်ခဲ့သည့် သေးငယ်သော အမှုန်အမွှားများကိုမူ လယ်ကွင်းများအတွင်း အနည်ထိုင်ကျရောက်စေပြီး ကန်အတွင်းသို့ သဲနုန်းပါဝင်မှု အနည်းဆုံးသော ရေကြည်များကိုသာ စီးဝင်စေကြောင်း သိရှိရသည်။

 

ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် အင်းလေးကန်၏ ထိခိုက်မှုကိုများစွာ သက်သာစေခဲ့သည်။ အင်းလေးကန်အတွင်းသို့ ချောင်းမြောင်းအဖြစ် တိုက်ရိုက်ဆက်စပ်မှုမရှိဘဲ ဝါးတောများအတွင်းတွင်သာ ပျောက်ကွယ်သွားကြသဖြင့် အင်းလေးကန်အတွင်း စီးဝင်သည့်ချောင်းများ လိုက်လံရှာဖွေလျှင် တွေ့ရှိနိုင်မည်မဟုတ်ကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။ အဆိုပါပုံစံအတိုင်း စီမံဆောင်ရွက်ခဲ့မှုများအား အင်းလေးကန်အနောက်ခြမ်းနှင့် အရှေ့ခြမ်းရှိ အချို့နေရာများတွင် ယနေ့တိုင် တွေ့ရှိနိုင်သည်။

 

အင်းလေးကန်၏ အနောက်ဘက်ခြမ်းတွင် အင်းလေးကန်အား တိမ်ကောကျဉ်းမြောင်းလာစေနိုင်ပြီး ကန်ပျောက်ကွယ်သွားနိုင်သည်အထိ အန္တရာယ်ပြုနိုင်သည့် သန်းတောင်လွင်ပြင်ဒေသ ထိန်းသိမ်းခဲ့ပုံကိုလည်း လေ့လာကြည့်ပြန်လျှင် အဆိုပါ သန်းတောင်လွင်ပြင်သည် ရေဆင်းဧရိယာအကျယ်အဝန်း ၂၅၆ စတုရန်းမိုင်ကျယ်ဝန်းသည့် နယ်မြေဧရိယာမှ စီးဆင်းလာသည့် ကလောချောင်း (အရပ်အခေါ် သန်းတောင်ချောင်းမကြီး) ၏ နုန်းပို့ချခံရသည့် ဧရိယာဖြစ်နေသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် သဲနုန်းများ အနည်ပို့ချခံရမှုကြောင့် ကန်အတွင်းသို့ သိသာစွာ ဝင်ရောက်နေသည်ကို တွေ့ရှိနိုင်သည်။

 

ထို့ထက် ပိုမိုတိမ်ကောမှုမရှိစေရန် စော်ဘွားကြီးသည် သန်းတောင်အရပ်မှ စတင်ကာ ကန်အတွင်းသို့ မြောင်းငါးခု ခွဲခြားစီးဆင်းစေရန် စီမံတူးဖော်ဆောင်ရွက်ခဲ့ပြီး ချောင်းမြောင်းများအလိုက် ချောင်းတော်အုပ်၊ မြောင်းတော်အုပ်များ ခန့်အပ်ကာ ရေစီးရေလာကို စီမံခန့်ခွဲလုပ်ကိုင်စေသည်။ စိုက်ပျိုးရေအတွက် စီမံလုပ်ကိုင်သကဲ့သို့ နှစ်စဉ် ကျရောက်လာသည့် သဲနုန်းများအား ချောင်းမြောင်းများအတွင်း အနည်ထိုင်စေပြီး နှစ်စဉ်မိုးရာသီကာလ ကုန်ဆုံးချိန်တွင် ချောင်းမြောင်းများ ပြန်လည်ပြုပြင်ခြင်း၊ သဲနုန်းများ ဆယ်ယူဖယ်ရှားခြင်းကို ဒေသခံတောင်သူများဖြင့် ဆောင်ရွက်လုပ်ကိုင်စေကာ ကန်အတွင်း သဲနုန်းကျရောက်မှု သက်သာစေရန် စီမံဆောင်ရွက်ခဲ့ကြောင်း အမြော် အမြင်ကြီးစွာ ဆောင်ရွက်လုပ်ကိုင်ခဲ့သည်ကို တွေ့ရှိရသည်။

 

ကန်အတွင်း ရေလှောင်ပမာဏ လျော့ကျမှုမရှိစေရန်၊ ကန်တိမ်ကောမှု သက်သာစေရန်၊ သဲနုန်းအနည် ပို့ချခံရမှု လျော့နည်းစေရန် စီမံဆောင်ရွက်ခဲ့သကဲ့သို့ ကန်အတွင်း ရေအရည်အသွေး ကောင်းမွန်စေရန် စီမံလုပ်ကိုင်ခဲ့သည့် သာဓကအချို့ကိုလည်း လေ့လာသိရှိရပြန် လေသည်။ အင်းလေးကန်ဝင်ရေ နည်းပါးသည့် ကာလများတွင် အဆိုပါ စုပ်ယူထားသည့် ရေများကို ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြင့် ကန်အတွင်း ရေလျော့ပါးမှုကို ထိန်းသိမ်းပေးသည့် သဘောသဘာဝကို အသုံးချလျက် ကန်အတွင်း ကျွန်းမျောများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်မှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ပြင် ကန်အတွင်း ဗေဒါကဲ့သို့ အညစ်အကြေးများကို အများအပြား စုပ်ယူ ဖျက်ဆီးနိုင်သည့် သဘာဝပေါက်ပင်များအား စနစ်တကျစိုက်ပျိုး ထားရှိစေပြီး ကန်အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။

 

အင်းလေးကန်အတွင်းရှိ ကျေးရွာများတွင် အညစ်အကြေး စွန့်ပစ်မှုစနစ် (မိလ္လာစနစ်)မှာ ကောင်းမွန်မှု မရှိသည်ကို သိရှိပြီး ကန်အတွင်း အညစ်အကြေး စွန့်ပစ်သည့်နေရာများတွင် စနစ်တကျ လှောင်ကန်များကို ကျွန်းမျော၊ ဗေဒါတို့ကို အသုံးပြုလျက် စနစ်တကျ ဆောင်ရွက် စေကြောင်း လေ့လာသိရှိရပြန်သည်။ ဗေဒါသည်ရေတွင် ပေါက်ပွား လွယ်သည့် ရေမျောပင်တစ်မျိုးဖြစ်ပေရာ ပေါက်ပွားများပြားလာမှု မရှိစေရန်လည်း ကန်အတွင်း နေထိုင်ကြသည့်သူများက အခါအားလျော်စွာ ရှင်းလင်းဖယ်ရှားမှု ပြုလုပ်စေရန် စီမံဆောင်ရွက်ခဲ့မှုကို လေးစားစွာ သိရှိခဲ့ရပြန်သည်။ အချို့ကျေးရွာများတွင် အသက်ကြီးသူများ ကန် အတွင်းမှ ဗေဒါများကို တတ်နိုင်သမျှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေ သည့် အလေ့အထကို မြဲမြံစွာဆောင်ရွက်နေကြသေးကြောင်း တွေ့ရှိ ခဲ့ရသည်။

 

သို့ဖြစ်ရာ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ရှေးရှေးက ပုဂ္ဂိုလ်ကြီးများ အင်းလေးကန်အတွက် ဆောင်ရွက်ခဲ့မှုအား သံသယအဖြစ် အငြင်းပွားဖွယ်ရာမရှိ တွေ့ရှိရသကဲ့သို့ အဆိုပါ ဆောင်ရွက်ချက်များတွင် လေ့လာအတုယူဖွယ် ဆောင်ရွက်ခဲ့မှုများအား လေးစားအားကျဖွယ် အလေးထား လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များအဖြစ် ဆက်လက်တည်ရှိနေကြောင်း လေ့လာသိရှိနိုင်ပေသည်။

 

အင်းလေးကန်ဒေသရှိ ငါးနှင့် အခြားသော ဇီဝမျိုးစုံ၊ မျိုးကွဲများအား ထိန်းသိမ်းရေးလုပ်ငန်းများ

 

အင်းလေးကန်ရှိ Biodiversity ခေါ် ဇီဝမျိုးစုံ၊ မျိုးကွဲများ ဆုံးရှုံးမှုမဖြစ်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် လိုအပ်လျက် ရှိပါသည်။ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၏ ၂၀၂၁ ခုနှစ်အတွင်း ကင်မရာထောင်ခြောက် အသုံးပြု၍ နို့တိုက်သတ္တဝါမျိုးစိတ် ကွင်းဆင်းလေ့လာခြင်းမှတ်တမ်းများအရ ၂၆ မျိုး ကျက်စားမှုရှိပြီး ဝံကြောင်၊ သစ်ကြောင်၊ဆတ်ခလောက်၊ တောကြောင်မျိုးများ၊ တောခွေး၊ တောယုန်၊ ချေ၊ ကြောင်ဝံပိုက်၊ ကြောင်ကတိုး၊ ရှဉ့်မျိုးစိတ်များနှင့် သစ်တောငှက် ၂၆၅ မျိုး၊ ရေပျော် ငှက် ၉၅ မျိုး၊ ကုန်းနေ ရေနေ ၂၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၆၀ နှင့် လိပ်မျိုးစိတ်သုံးမျိုးတို့ကို တွေ့ရှိရကြောင်း သိရသည်။

 

ထို့ပြင် အင်းလေးကန်တွင် ကျက်စားနေကြသော စင်ရော်၊ စစ္စလီ နှင့် Baer’s Pochard မျိုးစိတ်တို့၏ ဦးရေသည် တစ်ကမ္ဘာလုံး ရှင်သန် နေသည့်ဦးရေ၏ တစ်ရာခိုင်နှုန်းအထိ ရှိသောကြောင့်လည်းကောင်း၊ အခြားမျိုးသုဉ်းရန် အလားအလာနှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ် ခြောက်မျိုး ကျက်စားနေထိုင်ခြင်းကြောင့်လည်းကောင်း အမျိုးသား အဆင့်အရေးကြီးသော ငှက်ထိန်းသိမ်းရေးဧရိယာ (National Important Bird Area)၊ ရေပျော်ငှက်ထိန်းသိမ်းရေး ကွန်ရက်(Anatidae Network) တို့၏ သတ်မှတ်စံညွှန်းဝင် သဘာဝထိန်းသိန်းရေးနယ်မြေဖြစ်သည်။

 

အင်းလေးဒေသတွင် သစ်ပင်ကြီးမျိုး ၁၀၈ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ ဆေးဖက်ဝင်အပင် ၅၂၇ မျိုး၊ ရေနေအပင် ၆၁ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုးအား တွေ့ရှိ မှတ်တမ်းတင်ထားရှိသည်။

 

(ဆက်လက်ဖော်ပြပါမည်)