ရန်ကုန် ၂၉ ဇွန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဘဘာဝဘေး ကြိုတင်ကာကွယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံများ နှင့် တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် ပြည်သူ့အကျိုးအတွက် ကောင်းမွန်သော အပြောင်းအလဲများကို ဖော်ဆောင်လျက်ရှိကြောင်း၊ အစိုးရ၏ ဆောင်ရွက်မှုတိုင်း တွင် အမြဲတမ်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသော လူမှုအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို မြန်မာနိုင်ငံ အနေဖြင့် ပုံမှန်ခံစားရမည်ဖြစ်ကြောင်း၊ ယခုနှစ် နွေရာသီတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန်မှာ ယခင်နှစ်များထက် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယခင်က တစ်လလျှင် ပျမ်းမျှ တစ်ရက် နှစ်ရက် ခန့်သာ အပူချိန်လွန်ကဲရာမှ ယခုနှစ်တွင် တစ်လအတွင်း ၁၇ ရက် အထိ အပူချိန် လွန်ကဲခဲ့ကြောင်း၊ မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်း၊ မိုးတွင်းကာလတိုတောင်းခြင်း တို့ကြောင့် မိုးဦးကာလ နှင့် မိုးနှောင်းကာလများလည်း ရက်ရှည်သွားကြောင်း၊ ထိုအခါ တိမ်တောင်များ ပိုမိုဖြစ်ပေါ်ပြီး လေပြင်းတိုက်ခြင်း၊ မိုးသီးကြွခြေင်း၊ မိုးကြိုးပစ်ခြင်းများ ပိုမို ဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း၊ ယခင်က မုန်တိုင်းများ ၃ နှစ် တစ်ကြိမ်ခန့်သာ ဖြစ်ပွားရာမှ ယခုအခါ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ရာသီဥတု ပြောင်းလဲမှုများကို မည်ကဲ့သို့ တုန့်ပြန်ဆောင်ရွက်ရမည်ကို ပြည်သူများက သိရှိရန် အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု လျော့နည်းအောင် ဆောင်ရွက်ရာ တွင် လူ့အသက်သေဆုံးမှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဒုတိယသမ္မတ(၂) က ဦးဆောင် လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဖောင်းဒေးရှင်းများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ သိပ်သည်းမှုများပြားပြီး အထပ်မြင့် အဆောက်အဦးများ၊ အလုပ်ရုံ၊ စက်ရုံများ များစွာတည်ရှိသည်ကို တွေ့ရှိရကြောင်း၊ လေအေးပေးစက် အသုံးပြုမှုများ၍ ထုတ်လွှတ်သော ဓါတ်ငွေ့များ၊ စက်ရုံအလုပ်ရုံမှ ထုတ်လွှတ်သော အညစ်အကြေးများ၊ လူများစွန့်ပစ်သော အမှိုက်များ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော မီးခိုးငွေ့များသည် သဘာဝပတ်ပန်းကျင်ထိခိုက်ခြင်း နှင့် လေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ငလျင်ဘေးနှင့် ပတ်သက်၍လည်း ကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အနှောက်အယှက်ဖြစ်စေမည့် လူကြောင့်ဖြစ်သောဘေး၊ သဘာဝဘေးများကို ကြိုတင်ကာကွယ် နိုင်ကြရန်လိုအပ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးကြီး သကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အကျိုးရှိပါကြောင်း၊ ထိရောက်သော ချိတ်ဆက် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးက Disaster Alert Notification(DAN) mobile application နှင့် ပတ်သက်၍ တက်ရောက်လာသူများအား ရှင်းလင်းတင်ပြသည်။ DAN application သည် သဘာဝဘေး နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပြည်သူများသို့ ပေးပို့ခြင်း၊ သဘာဝဘေး ခံစားရရှိမှုများကို ပြည်သူများထံမှ ပြန်လည်သတင်းရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အသုံးပြုနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများက မှန်ကန်သော ဘေးအန္တရာယ်သတင်းရရှိရေး နှင့် ကူညီထောက်ပံ့မှုများတွင် အပို၊ အလိုကို ညှိနှိုင်း ဆောင်ရွက်ရေး၊ ဘေးဒဏ်ခံစားရသောသူများ အားလုံးသာတူညီမျှရရှိရေး၊ ရှာဖွေကယ်ဆယ်ရေး သင်ရိုး ပြဌာန်းပေးနိုင်ရေး၊ ကျွမ်းကျင်လုပ်ငန်းများအလိုက် မှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး ဝတ်စုံသတ်မှတ်ပေးနိုင်ရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်း၊ သဘာဝဘေး လျှော့ချရေးသင်းတန်းများ ပိုမိုသင်ကြားပေးနိုင်ရေး၊ မြို့နယ်အဆင့်ကော်မတီတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်နိုင်ရေး၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးကြရာ ဘေအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် တင်ပြချက်များအရ လိုအပ်ချက်များကို အမြန်ဆုံး ပြန်လည်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း နိဂုံးချုပ် ပြောကြားခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


