ကျုံပျော်  ၄   စက်တင်ဘာ 


မိမိရပ်ရွာဒေသတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျွမ်းကျင်စွာ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ စက်တင်ဘာ ၄ ရက် ၉ နာရီက ပြုလုပ်သည်။


"ကျွန်တော်တို့ အနေနဲ့ ဒီသင်တန်းကို ကိုယ့်ရပ်ရွာမှာ သဘာဝဘေး မဖြစ်မီ၊ ဖြစ်နေဆဲနဲ့ ဖြစ်ပြီးအချိန်တွေမှာ ကျွမ်းကျင်စွာ ကူညီနိုင်အောင်နဲ့ အခြားပြည်သူတွေကို ထပ်ပြီးဆင့်ပွားနိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်။ သင်တန်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ၊ အကြောင်းအရာတွေ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားနဲ့ ဆန်းစစ်ချက်တွေ၊ စာရင်းကောက်ယူရေးကိစ္စတွေနဲ့ သဘာဝဘေး သတင်း အချက်အလက်မှန်တွေကို  ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိဖို့ ဆောင်ရွက်တတ်ဖို့တွေကို သင်ကြားပေးပါမယ်။


ဒါ့အပြင် သဘာဝဘေးကျရောက်ရင် စနစ်တကျ တုန့်ပြန်တတ်ဖို့၊ ဖြစ်ပွားပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဆောင်ရွက်တတ်ဖို့နဲ့ နောက်ဆုံးဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာလည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတတ်ဖို့၊ အသိရှိဖို့ဝိုင်းပြီး အကြံပေးနိုင်ဖို့ကိုပါ သင်ကြားပေး သွားမှာဖြစ်ပါတယ်" ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး-၂ က ပြောကြားသည်။


ဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဦးမြင့်ဆွေတို့က အဖွင့်အမှာစကားပြောကြားပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး-၂ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ သဘာဝဘေးကျရောက်မှု မကြာခဏ ဖြစ်ပွားသော ကျွန်းအင်းအုပ်စု၊ သံလျှက်စွန်းအုပ်စု၊ ကံစုအုပ်စု၊ တောချောင်းအုပ်စု၊ လှည်းဆိပ်အုပ်စုနှင့် ပင်လုံရပ်ကွက်တို့မှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။


နေဝန်းရှိန်(ကျုံပျော်)