နေပြည်တော် ဒီဇင်ဘာ ၃
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက “သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချ/ဆွေးနွေးမှုများအား သင်ယူမှတ်သားလေ့လာပြီး ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့ မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်သည့် သင်ခန်းစာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ သင်ခန်းစာများ၊ အရေးပေါ်ကာလတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက် ဆွေးနွေးခြင်းများဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


