ရန်ကုန် ဇွန် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး ကျောင်းရှိ ဝန်ထမ်းများ၊ သင်တန်းသား/သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ကာကွယ်တားဆီးစီမံ ခန့်ခွဲနိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ယင်းသင်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး ဦးဆောင်၍ အဖွဲ့ဝင် ၅ဦး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူး တို့က ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်ခြင်း ပြုလုပ်ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဗဟိုလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ၊ စီမံခန့်ခွဲရေး သင်တန်း အမှတ်စဉ်(၇၆)၊ အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်းအမှတ်စဉ် (၄၀)၊ စာရေး ဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၁၀)တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၅၆ဦး တက်ရောက် သည်။ ဟောပြောပွဲအပြီးတွင် အဆိုပါ အဖွဲ့ဝင်များသည် သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသော Resue Team အဖွဲ့များနှင့် မုန်တိုင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)