နေပြည်တော် ၁ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့်လက်ကျန်ငွေ ကျပ် (၁ ဒသမ ၅၇၃၁)ဘီလီယံကို သုံးစွဲသူအများပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လှူဒါန်းသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဤလှူဒါန်းငွေများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဖုန်းသုံးစွဲသည့် လူမျိုး၊ ဘာသာပေါင်းစုံမှ ထည့်သွင်းထားသော ကြိုတင်ငွေများ၏ လက်ကျန်ငွေများဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်း မရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့် ပြည်သူများ၏ငွေများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အကျိုးရှိမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပြည်သူများအတွက် အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲသို့ တိုက်ရိုက်ထည့်သွင်းမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ရေတို၊ ရေလတ်၊ ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကာ ပြည်သူများအကျိုးအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုလှူဒါန်းမှုသည်လည်း ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်းဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းငွေကျပ် (၁ ဒသမ ၅၇၃၁)ဘီလီယံကိုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်