နေပြည်တော် မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင် လမ်းပိုင်း တွင် လမ်းသားပျက်ကျခြင်းနှင့် Box Culvert ၁ စင်း မြေကာနံရံ တစ်ဖက်လဲကျပြီး လမ်းသား ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ လမ်းသား ပျက်စီးသွားသည့်နေရာများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများ ရန်ပုံငွေ ကျပ် ၁၂၀ ဒဿမ ၉၈၀ သန်းဖြင့် ပေ ၃၀ သံကူကွန်ကရစ် တံတား ၁ စင်းနှင့် ၅ ပေ Box Culvert ၁ စင်း တည်ဆောက်ခြင်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

လက်ရှိ လမ်းပိုင်းအတွက် လိုအပ်သော ကွန်ကရစ်တံတားနှင့် Box Culvert များ တည် ဆောက်ပေးခြင်းကြောင့် ကျေးရွာပေါင်း ၂၄ ရွာ၊ အိမ်ခြေ ၄၃၅၁ လုံး၊ လူဦးရေ ၂၇၉၄၀ ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကာ ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်