အထက်မင်းလှ ၁၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၁၈ ခုနှစ်က သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေး ငွေပေးအပ်ပွဲကို ဇူလိုင် ၁၅ ရက်နံနက် ၁၀ နာရီခွဲက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းတို့က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးခဲ့ရသော ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ဦးပိုင်ပေါင်း ၅၈၁၀ တို့၏ နှမ်း ၁၂၆၉၁ ဧက အတွက် ၁ ဧက ငါးထောင်နှုန်းဖြင့် ငွေကျပ် ၆၃၄၅၅၀ဝ၀၊ ပဲတီစိမ်း ၆၅ ဧကအတွက် ၁ဧက ငါးထောင်နှုန်းဖြင့် ငွေကျပ် ၃၂၅၀ဝ၀၊ ပဲစဉ်းငုံ(၁၄၂)ဧကအတွက် ၁ ဧက ငါးထောင်နှုန်းဖြင့် ငွေကျပ် ၇၁၀ဝ၀ဝ၊ ဖူးစားပြောင်း ၉ဧကအတွက် ၁ ဧက တစ်သောင်းနှုန်းဖြင့် ငွေကျပ် ၉၀ဝ၀ဝ၊ စုစုပေါင်း ပျက်စီး သီးနှံဧကပေါင်း ၁၂၉၀၇ ဧကအတွက် ငွေကျပ် ၆၄၅၈၀ဝ၀ဝ ကို သီးနှံပျက်စီး တောင်သူများလက်ဝယ် အရောက်ပေးအပ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက သီးနှံထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


