သဘာဝဘေးအန္တရာယ်ကိုအထူးသတိပြု

မျက်မှောက်ကာလတွင်   ကမ္ဘာတစ်လွှား၌ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေး အန္တရာယ် အမျိုးမျိုးကို မြင်တွေ့ကြားသိနေရသည်။ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည်တို့သည် လက်ရှိကာလ ရာသီဥတုအလွန်ပူပြင်းလာမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ ဒေသတွင်းနိုင်ငံများ၌ အဆိုပါဖြစ်စဉ်များနှင့် ကြုံတွေ့လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လေပြင်းတိုက်ခတ် ခြင်းနှင့်အပူဒဏ်အန္တရာယ်တို့ကို ကြုံတွေ့နေရသည်။

ဒေသတွင်းနိုင်ငံများတွင် အပူချိန်မြင့်တက်မှုနှင့် အပူလှိုင်းကျရောက်မှုကြောင့် ပြည်သူများ အပူဒဏ်အန္တရာယ် ခံစားနေရသည်။ အပူချိန်ဒီဂရီစင်တီဂရိတ် ၄၀ ကျော်လွန်လာသဖြင့် အချို့စာသင်ကျောင်းများ ပိတ်ထားရပြီး ပြည်သူများ နေ့လယ်ခင်းပြင်ပသို့မထွက်ရန် သတိပေးနှိုးဆော်နေကြသည်။ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း၌ ချောက်မြို့၌ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် အမြင့်ဆုံးအပူချိန်သို့ ရောက်နေပြီး အခြားဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်၊ ၄၅ ဒီဂရီဆဲလ်စီးယပ်အောက်တွင်ရှိနေသဖြင့် လူအများ အပူဒဏ်အန္တရာယ် မဖြစ်အောင် သတိပြုနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်၍ မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ အပူချိန်မြင့်တက်မှုကြောင့် အပူပြန်တက်တိမ်များဖြစ်ထွန်းပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေသည်။ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းများနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကြား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် လက်ရှိကာလတွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို ခံစားနေကြရပြီး သတိပြုနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုသည်။ ထပ်မံ၍ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်မှုအန္တရာယ်ကိုလည်း ကြိုတင်သတိပြု နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ယခုလိုရာသီ ကာလအတွင်း လေပြင်းတိုက်ခတ်မှု အကြိမ် ၆၅၀ ကျော် ဖြစ်ပွားခဲ့သည်။ နေအိမ် အဆောက်အအုံပေါင်း ၂၁၇၀၀ ကျော်အထိ ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ယခုရာသီကာလတွင်လည်း လေပြင်းတိုက်ခတ်မှုအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် သတိပြု နေထိုင်ကြရမည်ဖြစ်သည်။

လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက အသိပညာပေးဟောပြောခြင်း၊ လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်နည်းပါးသည့် နိုင်ငံတစ်ဝန်းရှိ အိုးအိမ်အဆောက် အအုံများကို ရွေးချယ်၍ ခိုင်ခံ့အောင်ပြင်ဆင်ပြုလုပ်ပေးခြင်းတို့ကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေသဖြင့် အားလုံးတက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်သူများသည် မိမိတို့၏နေအိမ်များကို ကြံ့ခိုင်မှုရှိ၊ မရှိ ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားရန်လိုအပ်သည်။ လေပြင်းဒဏ်ကို ခံနိုင်ရန်အတွက် လိုအပ်သည့်နေရာများတွင် ဒေါက်တိုင်များ ထပ်မံအားဖြည့်ထားရမည် ဖြစ်သည်။ မြို့ပြများတွင် နေအိမ်အမိုးများကို ခိုင်ခံ့အောင်ပြင်ဆင်ထားပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် မိမိတို့နေအိမ်များကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားရမည်ဖြစ်သည်။ မိမိတို့ အိမ်အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များ၏ ခိုင်ခံ့မှုအခြေအနေကိုလည်း သတိပြုထားရမည်ဖြစ်သည်။ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရမည်ဖြစ်သည်။ လေပြင်း တိုက်ခတ်ပါက နေအိမ်ပတ်ဝန်းကျင်နှင့် လမ်းများပေါ်ရှိ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားရမည် ဖြစ်သည်။

လေပြင်းတိုက်ခတ်ချိန်တွင် လေနှင့်အတူ အန္တရာယ်ရှိသောအရာများ လွင့်ပါလာနိုင်သဖြင့် မလိုအပ်ဘဲ ပြင်ပသို့မထွက်ရန် သတိထားရမည်ဖြစ်သည်။ နေအိမ်တံခါးများနှင့် ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားရန်နှင့် မှန်ပြတင်းပေါက်များကို တိတ်ပြားကြီးများဖြင့် ကြက်ခြေခတ်ထားရန်လိုသည်။ လေတိုက်ခတ်မှုပြင်းထန်ပါက ခိုင်ခံ့တောင့်တင်းသောနေရာတွင် နေထိုင်ရန်လိုအပ်သည်။ ထို့အပြင် လျှပ်စစ်နှင့် သက်ဆိုင်သော ခလုတ်၊ ကြိုးများကို သတိပြုရန်လိုသည်။ လမ်းများပေါ်တွင် ဓာတ် တိင်နှင့် ဓာတ်ကြိုးများ လဲကျပြတ်တောက်မှုများကို သတိပြုရှောင်ရှားကြရန် လိုအပ်သည်။

သို့ဖြစ်ရာ ယခုရာသီကာလတွင် ပြည်သူများအနေဖြင့် ကျရောက်နေသော အပူဒဏ်အန္တရာယ်ကို သတိပြုရှောင်ရှား နေထိုင်ကြရန်လိုအပ်ပြီး တစ်ဆက်တည်းတွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ ကြိုတင်ကာကွယ်ဆောင်ရွက်မှုများနှင့်အတူ ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့်လည်း ဘေးအန္တရာယ်ကင်းဝေးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။

ကြေးမုံ