ရန်ကုန် ၁၉ သြဂုတ်
နိုင်ငံတစ်ဝှမ်း သဘာဝဘေးအန္တရာယ် ရင်ဆိုင်နေရသော ပြည်သူများအား ကူညီနိုင်ရန် မြန်မာနိုင်ငံကာတွန်း ဆရာများအသင်းမှ ကြီးမှူးကျင်းပသော ရေဆန်လေဆန်ကာတွန်းပြပွဲ -၂၁၀၉ ကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
“ဒီနေရာလေးမှာ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လာကြတဲ့နေရာ။ ဒီထက်ပိုပြောရရင် ကမ္ဘာလှည့်ခရီးသည်တွေတောင် ကျွန်တော်တို့တွေ့နေရတယ်။ ဘာသာစကားရယ် စကားတွေရယ်ထက်ကို ကျော်လို့ရတာ ဂီတရယ်၊ ကာတွန်းရယ်၊ ပန်းချီရယ်ရှိတဲ့အထဲက ကျွန်တော်တို့ကာတွန်းနဲ့ဆိုရင် ကမ္ဘာကို စကားပြောလို့ရတဲ့ နေရာတစ်ခုကနေ ရှင်းပြစရာမလိုဘဲ ကာတွန်းလေးတွေကြည့်ပြီး ဒီတိုင်းပြည်မှာ ဘာဖြစ်နေတယ်ဆိုတဲ့အချက်ကို သူတို့ သိနိုင်တာပေါ့” ဟု ရန်ကုန်မြို့လယ်ခေါင်တွင် ကာတွန်းပြပွဲ ကျင်းပ ဖြစ်ပုံနှင့်ပတ်သက်၍ မြန်မာနိုင်ငံကာတွန်းဆရာများအသင်း အတွင်းရေးမှူး မောင်မောင်ဖောင်တိန်က ပြော ကြားသည်။
ရန်ကုန်မြို့ ရေဆန်လေဆန်ကာတွန်းပြပွဲ - ၂၀၁၉ တွင် သတင်းကာတွန်းနှင့် အယ်ဒီတာခေါင်းကြီးပိုင်းကို ပြန်လည်သုံးသပ်သည့် ကာတွန်းများ၊ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်ကာတွန်းများ စသည်ဖြင့် ကာတွန်းဆရာပေါင်း ၁၄၂ ဦးတို့က တီရှပ်များပေါ်တွင် ရေးဆွဲရောင်းချပေးလျက်ရှိသည်။ ထို့ပြင် သဘာဝဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသည့် တစ်ကွက်ကာတွန်းပြကွက်များကိုလည်း ပြသထားပြီး ပြပွဲမှရရှိလာသောအလှူငွေများကို ကာတွန်းဆရာများအားလုံးတိုင်ပင်ကာ လှူဒါန်းမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကာတွန်းဆရာများအနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းရှိကြောင်း ရပ်တည်ပြသရန်၊ ကာတွန်းပညာရပ်သည် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ကမ္ဘာသို့ အချိန်နှင့်တစ်ပြေးညီ မီးမောင်းထိုးပြသနိုင်သည်ကို ပြသရန်၊ မြန်မာ့စိတ်ရင်းဖြစ်သော ပရဟိတစိတ်နှင့် စည်းလုံးမှုများကို ထင်ရှား အောင်ပြသရန် ရည်ရွယ်ချက်များဖြင့် ရေဆန်လေဆန်ကာတွန်းပြပွဲ (၂၀၁၉)ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရေဆန်လေဆန်ကာတွန်းပြပွဲကို သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ ဗဟာ ဗန္ဓုလပန်းခြံရှေ့နှင့် မန္တလေးမြို့ ကျုံးအနီးတွင်လည်း ကာတွန်းဆရာပေါင်း ၂၀ ကျော်တို့ ပါဝင်ရေးဆွဲကာ တစ်ပြိုင်တည်းပြသလျက်ရှိကြောင်း မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


