နေပြည်တော်၊ ဩဂုတ် ၂၄

 

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးခန်းမ၌ကျင်းပသည်။  

 

အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ယနေ့ကျင်းပသည့် သဘာဝဘေးအရေး ပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း အဖွဲ့အနေဖြင့် သဘာဝဘေးကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်မှုတို့တွင် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ လမ်းညွှန်ပြုစုနိုင်ရေး ဆွေးနွေးအကြုံပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်  World Risk Report 2021 အရ အဆင့်(၇၉) သာရှိသော်လည်း Global Climate Risk Index 2021 ပါစစ်တမ်းများအရ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေတွင်မူ ကမ္ဘာ့နိုင်ငံများအနက် အဆင့်(၂၁)တွင်ရှိနေကြောင်း။

 

သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ် ကာလဆက်သွယ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်း ဆောင်ရွက်ကြရာတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုမှာလည်း အထူးအရေး ပါကြောင်း၊ အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းပြီး ထိရောက်သော လူသားချင်းစာနာမှု အကူအညီပေးရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ပိုမိုအားကောင်း လာစေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များဖြင့် ယခင်က ဆောင်ရွက်ခဲ့သည့် “Civil  Military Coordination Workshop on Disaster Management” အလုပ်ရုံဆွေးနွေးပွဲများမှ အကြံပြု ချက်များအပေါ် လမ်းညွှန်မှုခံယူပြီး သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့”ကို ၂၀၂၂ ခုနှစ်၊ မတ်(၃)ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့် ပေးအပ်ထားသည့်တာဝန်များအပေါ် မူတည်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေး ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်သည့် သဘာဝဘေးတုံ့ပြန်မှုအတွက် သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း(Simulation Exercise) ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် နှင့်  ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး တို့က သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များက ကိုယ်စားပြု တက်ရောက်သည့် လုပ်ငန်းကော်မတီအလိုက် တပ်မတော်နှင့် သဘာဝဘေးတုံ့ပြန်မှု လုပ်ငန်းအတွက် ညှိနှိုင်းပေါင်းစပ် ရာတွင် ရရှိထားသည့် ကောင်းမွန်သည့်အတွေ့အကြုံများ၊ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင် သည့် ကဏ္ဍများ၊ တပ်မတော်၏ သဘာဝဘေးစီမံခန့်ခွဲမှုစနစ်နှင့် ရယူနိုင်သည့်အကူအညီများ၊ ထိရောက်လျှင်မြန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အားမြှင့်ဆောင်ရွက်နိုင်သည်များ၊ Standard Operation Procedure ပြုစုနိုင်ရေး စတင်ဆောင်ရွက်ရန်များ၊ နိုင်ငံတော်အဆင့် ဇာတ်တိုက်လေ့ကျင့်ခန်းတစ်ရပ် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)