နေပြည်တော် ဩဂုတ်     ၆

သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက Online Platform ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့်ကို ၂၀၀၉ ခုနှစ်တွင် ရေးဆွဲထားရှိရာ ယခု သဘာဝဘေးများ ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေ၊ သဘာဝဘေးစီမံခန့်ခွဲမှုပုံစံများ ပြောင်းလဲလာမှုအခြေအနေများအရ ခေတ်ကာလနှင့် လျော်ညီစေရေးအတွက် ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နေကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဉပဒေ၊ နည်းဉပဒေများ ရေးဆွဲထားပြီး ကော်မတီအဆင့်ဆင့်လည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ အချိတ်အဆက်မိမိ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တည်မြဲအမိန့် ပြန်လည်ရေးဆွဲရာတွင် ဉပဒေ၊ နည်းဉပဒေများနှင ချိတ်ဆက်ဆောင်ရွက်ရန်၊ လက်ရှိအခြေအနေများနှင့် ကိုက်ညီရန်လိုကြောင်း၊ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်ဆောင်ရွက်မှုများလည်း အရေးကြီးကြောင်း၊ သဘာဝဘေး တစ်မျိုးချင်းစီအလိုက်၊ ဒေသအလိုက်၊ ရာသီကာလအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးများနှင့် ပတ်သက်၍လည်း အကောင်းဆုံးအစီအမံများ ဖြစ်စေရေး တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း၊ ရေးဆွဲပြီးပါက တည်မြဲအမိန့်နှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေကိုလည်း ပြန်လည်စောင့်ကြည့်လေ့လာ သုံးသပ်ပြင်ဆင်ရန် လိုပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆွေးနွေးရာတွင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့်သည် လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြားချက်ပင်ဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် ပညာရှင်များ၏ အကြံပြုချက်များ ရယူရန်လိုကြောင်း၊ လက်တွေ့အခြေအနေနှင့် ကိုက်ညီရန်လိုကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူရန် လိုအပ်ကြောင်းနှင့် ပါရှိသင့်သည့် အချက်များ၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် ပြန်လည်သုံးသပ် ပြင်ဆင်ရေး လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ တည်မြဲအမိန့်တွင် ပါဝင်သည့် အကြောင်းအရာခေါင်းစဉ်များ၊ မူကြမ်းရေးဆွဲထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက အပိုင်းကဏ္ဍအလိုက် ထည့်သွင်းသင့်သည့် အချက်များ၊ အကြံပြုချက် ရယူရန်လိုအပ်သည့်ကိစ္စများ၊ ညှိနှိုင်းရေးဆွဲရမည့်အချက်များ၊ အတည်ပြုချက်ရယူရန် လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း၍ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့်ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

MDN၊ Photo: MSWRR