ဒေါက်တာဝင်းမြတ်အေး

 

နေပြည်တော် ၂၂ ဇွန်

 

မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားပုထိုးများအပါအဝင် အဆောက်အအုံများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သည့် အခြေအနေအပေါ် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးမှု၊ ကူညီထောက်ပံ့ဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

 

မော်လမြိုင်မြို့မှာ ဇွန် ၁၆ ရက်နေ့ ညကနေစပြီး ဇွန်၁၇ ရက် မနက် ၇ နာရီလောက်အထိ မရပ်မနား မိုးသည်းထန်စွာရွာတယ်။   မိုးရေချိန်က ၁၃  လက်မကျော်အထိ များတယ်။ အဲ့ဒီလိုနဲ့ ရုတ်တရက် ရေကြီးရေလျှံတယ်။ ရေကြီး ရေလျှံဖြစ်တဲ့အခါမှာ ရပ်ကွက်တွေထဲမှာ ရေက ၅ ပေခွဲ၊ ၆ ပေ လောက်အထိ ရုတ်တရက် တက်တယ်။ တက်တဲ့ အခါကျတော့ လူတွေ ရေလွတ်တဲ့နေရာကို ခိုလှုံရတယ်။ 

 

မိုးကြီးတာက မွန်ပြည်နယ်တစ်ခုလုံးဖြစ်တာ မော်လမြိုင်တစ်ခုတည်းမဟုတ်ဘူး။   မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ပေါင် အဲဒီ ၅ မြို့နယ်မှာ ဖြစ်တယ်။ ရုတ်တရက်ကြီး ရပ်ကွက်တွေထဲမှာ ရေလျှံလာတော့   ရေဘေးကယ်ဆယ်ရေးစခန်းတွေ ၄၂ ခုအထိ ဖွင့်ခဲ့ရတယ်။   မြို့နယ် ၅ မြို့နယ်က စခန်း စုစုပေါင်း ၄၂ခုမှာ လူဦးရေက ၈၂၆၃ ဦး ရှိခဲ့တယ်။  ညသန်းခေါင် မိုးရွာတယ်ဆိုတာကို ကျွန်တော်တို့  နံနက်လင်းတာနဲ့သိပြီး။ သိသိချင်း ချက်ချင်း သွားတယ်။

  

မွန်ပြည်နယ်က အမှန်မှာတော့ သဘာဝဘေးဖြစ်ပွားမှု နည်းတဲ့အထဲမှာ ပါတယ်။ နောက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားမှု နည်းတဲ့အထဲမှာလည်းပါတယ်။ ဖြစ်တော့ ဖြစ်တယ်  ဒီလောက်မဖြစ်ဘူး။  နောက်တစ်ခုက ပြန်စဉ်းစားကြည့်ရင်   ကမ္ဘာကြီးက ပြောင်းလဲလာတာကို တွေ့ရတယ်။ မြန်မာပြည်တင်မဟုတ်ဘူး။ အခုဒီကာလအတွင်းမှာပဲ အခြားဒေသတွေမှာလည်း မိုးတွေများတယ်။ ရုတ်တရက်ရေကြီးတယ်။ လူတွေသေကြတယ် စသည်ဖြင့် ဒီသတင်းတွေကလည်း အများကြီးရှိပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ဒါတွေဖြစ်နေတယ်။ အဲဒီမှာ ရာသီဥတု ပြောင်းလဲတာနဲ့အမျှ သဘာဝဘေး မဖြစ်နိုင်ဘူးဆိုတဲ့နေရာ မရှိတော့ဘူးဖြစ်သွားတယ်။ ဖြစ်ရင်လည်း သဘာဝဘေးမှာ အပြင်း၊ အပျော့ဆိုတာရှိတယ်။ ဖြစ်ရင်လည်း ခပ်ပြင်းပြင်းဖြစ်တယ်။ ဖြစ်လေ့မရှိတဲ့နေရာမှာလည်း ဖြစ်နိုင်တယ်ဆိုတာ သဘာဝတရားကြီးက ဖြစ်လာတာ။ ကမ္ဘာကြီးတစ်ခုလုံးက ပြောင်းလဲလာ တာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က စိုးရိမ်တယ်။  

 

ဖြစ်လေ့ဖြစ်ထမရှိဘဲဖြစ်ရင် ကယ်ဆယ်ဖို့အတွက် အဆင့်သင့်ဖြစ်ပါ့မလား။ ကျွန်တော်တို့မှာ စိတ်ပူရတယ်။ ဒါကြောင့် မိုးမလင်းသေးဘူး ဆက်သွယ်တယ်။ အဲဒီလိုပဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက များသောအားဖြင့် ကျွန်တော်တို့နဲ့ ချက်ချင်းချိတ်ဆက်တာ တွေများတယ်။ လွှတ်တော်ကြီးကလည်း ကျင်းပနေတဲ့ အချိန်ဖြစ်တော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စသည်ဖြင့် သူတို့တွေက လွှတ်တော်ထဲမှာ ရောက်နေတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကလည်း ဆက်သွယ်တယ်။ ကျွန်တော်ကလည်း သူ့ကိုဆက်သွယ် ပြီးသတင်းပေးတယ်။ ဒီတော့ သူသိတဲ့သတင်းပြောတယ်။ ကျွန်တော်သိတဲ့သတင်းပြောတယ်။ ကျွန်တော်တို့ အဲဒီကို အမြန်ဆုံးသွားမယ်ဆိုပြီး   ရောက်အောင်သွားတယ်။ မိုးရွာတော့ နည်းလာတယ်။    ဒါပေမယ့် ၅ ပေ၊ ၆ ပေ တက်ထားတဲ့ အတွက်ကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေက ရောက်နေပြီ။ ရောက်နေပြီဆိုတော့ ရောက်ရောက်ချင်း ကယ်ဆယ်ရေးစခန်းတွေကို သွားတယ်။ မိုးနည်းနည်းစဲလာတာနဲ့အမျှ ရေကလည်း ပြန်ကျသွားတယ်။  ဒီရေတက်တဲ့ အချိန်နဲ့သွားတိုးတော့ ရေကထွက်ဖို့အတွက် မြစ်ထဲမှာ ဒီရေတွေက တောင့်ခံထားတာဖြစ်တယ်။ ဒီရေတက်တဲ့ အချိန်ကို မနက်တစ်ခါ ညတစ်ခါ အပြောင်းအလဲရှိတယ်။ မိုးတွေကလည်း ဆက်တိုက်ရွာလိုက်တယ်။ ရပ်တယ်၊ ရွာတယ်ဆိုရင်တော်သေးတယ်။ ဆက်တိုက်ရွာလိုက်တော့ တောင့်ခံထားတဲ့ရေတွေကလည်း ရှိတော့ ၅ ပေ၊ ၆ ပေအထိ တက်သွားတယ်။

 

ဒါပေမယ့် မိုးနည်းနည်းစဲလာတယ်။ ရေက တဖြည်းဖြည်းပြန်ထွက်နိုင်တယ်။ အဲဒီအချိန် ကျတော့ တဖြည်းဖြည်းနဲ့ ပြန်ကျသွားတယ်။ အဲဒီမှာ ကျွန်တော်တို့က သင်ခန်းစာ ဘာရလဲဆိုတော့ ဒီလိုရေကြီးတဲ့အချိန်မှာ လူတွေကို အိမ်ကနေပြီးတော့ ခိုလှုံတဲ့နေရာ ရောက်ဖို့ လှေလိုတယ်။ ကျွန်တော်တို့ လှေ ၉ စီး မွန်ပြည်နယ်မှာ ပေးထားတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း သူလုပ်သင့်လုပ်ထိုက်တာ လုပ်ထားတယ်။ ဘာလုပ်ထား သလဲဆိုတော့ ရေကြီးရေလျှံမှု အဖြစ်အများဆုံးက ဘီးလင်းနဲ့ ကျိုက်ထိုဒေသ တွေဖြစ်တယ်။ အဲဒီကို လှေတွေပို့ထားတယ်။ ပို့လိုက်တော့ မော်လမြိုင်မှာ ရုတ်တရက် ရေကြီးတဲ့အခါမှာ မလုံလောက်တော့ဘူး ဖြစ်နေတယ်။ အဲဒီသတင်းကို ကျွန်တော် ညကတည်းက ကြားတဲ့အခါ ကျတော့ ချက်ချင်းပဲ ကျွန်တော်တို့သွားတာနဲ့  အရေးပေါ်လှေ ၃ စီးကို ရန်ကုန်ကနေ ပို့ခိုင်းလိုက်တယ်။ ကျွန်တော်တို့ရောက်တယ် မကြာဘူး လှေလည်းရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် သတိထားရမယ်။ သဘာဝဘေးဆိုတာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲတမ်း အဆင်သင့်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့အတွက် သင်ခန်းစာရတယ်။ ဒါပေမယ့် ဒါကို အချိန်မီ လုပ်ဆောင်နိုင်ခဲ့တယ်။

 

နောက်တစ်ချက်က စခန်းမှာ ရေဘေးခိုလှုံဖို့ ရောက်နေတဲ့ လူတွေရှိတယ်။ အဲဒီလူတွေအတွက် ချက်ပြုတ်ကျွေးမွေးဖို့ လိုတယ်။ အဲဒီအချိန်မှာ ပိုက်ဆံသွားပေးလည်း လုပ်လို့မရဘူး။ ဆန်သွားပေးလည်း ချက်စားလို့မရဘူး။ ချက်ပြုတ်ကျွေးမွေးဖို့အတွက်ကျတော့ မော်လမြိုင်မှာ လူမှုအဖွဲ့အစည်းတွေ အားကောင်းတယ်။   ရပ်ကွက်ထဲမှာလည်း စေတနာရှင်တွေရှိတယ်။   လူမှုအဖွဲ့အစည်းတွေနဲ့ ရပ်ကွက်က စေတနာရှင်တွေနဲ့ ပေါင်းပြီးတော့ ချက်ကျွေး တာတွေလုပ်တယ်။ ကျွန်တော်တို့ သွားတဲ့အခါမှာ တချို့နေရာတွေက ရေနည်းနည်းကျလို့ ပြန်သွားကြပြီ။ ကျွန်တော်တို့ ဇွန် ၁၇ ရက်နေ့ ရောက်ပြီး ၁၈ ရက် နံနက် ကယ်ဆယ်ရေးစခန်းတွေကို လိုက်ကြည့်တဲ့အခါမှာ တော်တော်များများက အိမ်ပြန်နေ ကြပြီ။ တချို့ ကြီးကြီးမားမား ကျန်ခဲ့တဲ့နေရာတွေရှိတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ စေတနာရှင် လူမှုအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးပါတယ်။

 

အိမ်ပြန်လို့ ရသွားတဲ့နေရာတွေကျတော့ ကျွန်တော်တို့က တစ်ပတ်စာ ဆန်ဖိုးထောက်ပံ့ တယ်ဆိုတာရှိတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးရဲ့ နှုန်းထားဖြစ်တယ်။  ဝန်ကြီးဌာနက  ဆောင်ရွက်ပေးတဲ့နှုန်းထားပါ။ တစ်ယောက်ကို ၂၁၀ဝ ဆို ၂၁၀ဝ ပဲ၊ ကလေးလည်း ၂၁၀ဝ ပဲ၊ လူဦးရေနဲ့ တွက်ပြီးတော့ ပေးပါတယ်။  ပြည်နယ် အစိုးရကို လူဦးရေနဲ့ မြှောက်ပြီး တော့  ၁၅၅ သိန်းကျော် တစ်ခါတည်း တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးခဲ့ပါတယ်။

 

အဲဒီငွေတွေကို သက်ဆိုင်ရာကလည်း ပြည်သူလက်ဝယ်အရောက်ပို့ပေးပါလို့ ကျွန်တော်တို့ ပန်ကြားတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း လူ့အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့စည်းရုံး ဆောင်ရွက်တယ်။ ချက်ချင်းပဲ အဲဒီနေ့ညနေမှာပဲ လူမှုအဖွဲ့အစည်းတွေနဲ့ အစည်းအဝေး လုပ်တယ်။ အစည်းအဝေးလုပ်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြောတယ်။ လူမှုအဖွဲ့အစည်းကို ကျေးဇူးတင်တယ်။ ကျွန်တော်တို့မရောက်ခင် လူမှုအဖွဲ့အစည်းတွေရောက်နေပြီ။ ကျွန်တော်တို့ ရောက်သွားလည်း ကျွန်တော်တို့က အင်အားနည်းတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက တကယ်တမ်းဆို အင်အားနည်းပါတယ်။

 

ကျွန်တော်တို့ရဲ့လူမှုဝန်ထမ်းတို့၊ ကယ်ဆယ်ရေးတို့က ဝန်ထမ်းတွေကလည်း ပါဝင်ကူညီနေပါတယ်။ ဒါပေမယ့် လူဦးရေကနည်းနည်းလေး။ ဆယ်ဂဏန်းပဲရှိတယ်။ တကယ်တမ်းဆိုရင် အများကြီးလိုတယ်။ လူ့မှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့နဲ့နောက်တစ်ခါကျရင် ဒီထက်ပိုချိတ်ဆက် အားကောင်းအောင် ဆိုလိုတာက သူတို့ကိုချက်ချင်း ပံ့ပိုးလိုက်မယ်။ အရင်တုန်းက လူမှုအဖွဲ့အစည်းတွေနဲ့ စည်းရုံးဆောင် ရွက်တယ်ဆိုပေမယ့် ချိတ်ဆက်မှုအားက မကောင်းသေးဘူး။ တကယ်တမ်းလက်တွေ့ လုပ်ကြည့်တော့မှသိတယ်။ ချိတ်ဆက်ဖို့ အားမကောင်းဘူး။ ချိတ်ဆက်အားကောင်းအောင် ကျွန်တော်တို့ဆောင်ရွက်တယ်။ ပိုပြီးတော့ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပါတယ်။

 

ရောက်တဲ့နေ့ ၁၈ ရက် ညနေကျတော့ စခန်းတွေ ပိတ်သိမ်းသွားပြီ။ ၂ ခုလောက်ပဲ ကျန်တော့တယ်။ ၁၈ ရက်နေ့ညနေခင်းမှာပဲ စခန်း တော်တော်များများအကုန်လုံးက ပိတ်သိမ်း လိုက်နိုင်တယ်။ ပိတ်သိမ်းလိုက်နိုင်တယ်ဆိုတာ ဒီရေဟာ ရုတ်တရက်ကြီး တက်သွားပြီး နောက်ပြီးတော့ ပြန်ကျသွားတယ်။ ဘာကြောင့် ပြန်ကျသွားလဲ။ မိုးဆက်မရွာလို့။ မိုးဆက်ရွာရင် ဆက်တက်ဦးမှာ။ ရေအထွက်ကျတော့ သိပ်ဒလဟော မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာပြဿနာက အရင်တုန်းကလည်း မိုးက ဒီလိုမျိုးကြီးလေ့မရှိဘူး။ နောက်ပြီးတော့ တစ်နိုင်ငံလုံးမှာပဲ  ဖြစ်နေတဲ့ အဖြစ်အပျက်ပဲ။ မြောင်းတွေရှိတယ်။ အိမ်ဆောက်တဲ့အခါမှာ စနစ်တကျ ရှေ့မှာမြောင်းရှိရမယ်။ ရေစီးရေလာကောင်းအောင် ရှိရမယ်။ အခု အဲဒီလိုမဟုတ်ဘူး။  တချို့အိမ်တွေမှာ ရေမြောင်းလုံးဝမရှိဘူး။ ရှိတဲ့ရေမြောင်းကလည်း အမှိုက်သရိုက်တွေနဲ့ ပိတ်ဆို့နေတယ်။ ရေတွေက ထွက်လို့မရ။ အဲဒီမှာ လျှံတက်လာတယ်။ ဒါမျိုးတွေရှိတယ်။ နောက်တစ်ခုက တချို့က နေရာထိုင်ခင်းခက်ခဲတော့ ဒီလိုပဲ ဟိုဆောက်ဒီဆောက်နဲ့ ပုံစံမကျ ဆောက်နေတာ တွေလည်းရှိတယ်။ ပုံစံမကျဆောက်ထားတဲ့ အတွက်ကြောင့် မြောင်းရှိရမယ့် နေရာမှာ မြောင်းမရှိဘူး။ တချို့မြောင်းတွေလည်း ပိတ်သွားပြီ။ ဒါမျိုးလေးတွေတော့ ရှိပါတယ်။

 

ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ထိတွေ့တဲ့အခါမှာ ဒါကို ကျွန်တော်တို့ ရှင်းပြတယ်။ စနစ်တကျ နေရာလေးတွေ ပြန်ချရအောင်။ ရေမြောင်းဆိုလည်း မြောင်းအတိုင်း ဖြစ်အောင်၊ မြောင်းဆိုလည်း ရေစီးရေလာ ကောင်းအောင်၊ အမှိုက် သရိုက်တွေကိုလည်း ဒီလိုမျိုးမပစ်တော့ဘူး။ အားလုံးဝိုင်းဝန်း ဆယ်မယ်။ အိမ်တွေလည်းအတည်တကျဖြစ်အောင် ပုံစံ ပြန်ပြီးတော့ချမယ်။ ပုံစံချတဲ့အခါမှ သာသည်နာသည် မတွက်ပါနဲ့။ ဒါပေမယ့် အဆင်ပြေအောင်တော့ ပြည်သူအတွက် အစိုးရက ဆောင်ရွက်ပေးရမှာပဲ။ ဒါကိုပူးပေါင်းပါဝင်ဖို့ လိုပါတယ်လို့ ကျွန်တော်တို့က စည်းရုံးပြီးတော့ ပြောရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ ဒါကတစ်ပိုင်းပါ။

 

နောက်တစ်ခုက ဘုရားကိစ္စပါ။ အဓိကအရေးကြီးတာက ကုန်းတော်။ ဒီကုန်းတော်က ၂၀၁၃-၂၀၁၄ မှာ ချဲ့ထားတာရှိတယ်။ ချဲ့ထားတဲ့မြေ အပိုင်းဘက်က ပြိုကျတယ်။ ပြိုကျတယ်ဆိုတာ အခုနက ပြောတဲ့အထဲမှာ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရဲ့အောက်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ အောက်ခြေမြေမှာ အမှိုက်တွေလည်းများတယ်။  ဒီအမှိုက်တွေ၊ ပလတ်စတစ်တွေ ဒါတွေကခံနေတော့ မြေကြီးချင်း ချိတ်ဆက်အားမှာ ဆွဲငင်အား မရှိတော့ဘူး။ မြေသားတွေ မခိုင်ခံ့ဘူး။  မိုးကလည်း များတဲ့အခါကျတော့ ပြိုလွယ်တယ်။ အိကျတယ်။

 

နောက်တစ်ခု အရေးကြီးတာက ဘာလဲဆိုတော့ သာသနိက အဆောက်အဦ ဘုန်းကြီးကျောင်း တွေဆောက်တယ်။ တစ်ပါးကျောင်းတွေရှိတယ်။ တစ်ပါး ကျောင်းတွေကတော့ အကုန်လုံးပြိုသွားတယ်။ နှစ်ထပ်ကျောင်းဆောင် အသစ်နီးပါး တစ်ခုရှိတယ်။ သို့သော်လည်း အခုနကမြေတွေ ပြိုကျလာတဲ့အခါမှာ ကျောင်းကြီးက အက်ကွဲသွားတယ်။ တိုင်တွေ ပြတ်ထွက်သွားတယ်။

 

ဆိုလိုတာက ကုန်းရဲ့ဘေးမှာ အဆောက်အဦတွေ ဆောက်တဲ့အခါမှာ မြေတွေကို တူးဖော်ပြီး ဆောက်ရတဲ့အတွက်ကြောင့် ကုန်းရဲ့ အောက်ခြေခိုင်ခံ့မှုက လျော့နည်းသွားတယ်။ ဒါက အင်မတန်အရေးကြီးပါတယ်။ အဆောက်အဦတွေ ဆောက်တဲ့အခါမှာ သတိထားဖို့ကလည်း အရေးကြီးပါတယ်။ နောက်က အမှိုက်တွေ ပစ်တယ်။ အမှိုက်တွေပစ်တော့ ဒီမြေကြီးထဲမှာအမှိုက်တွေ၊ ပလတ်စတစ်စတွေကြောင့် မြေကြီးရဲ့သိပ်သည်းမှု မြေကြီးရဲ့ နဂိုရှိရမယ့်ဟာက မရှိတော့ဘူး။ မိုးရေများများကျတဲ့ အခါမှာလည်းမခံနိုင်ဘူး။ ပြိုကျတယ်။ ဒါတွေအတွက်ကိုလည်း ဆက်လက်ဆောင်ရွက် ရမှာရှိပါတယ်။ မော်လမြိုင်မှာ အဓိကရေကြီးတာနဲ့ပတ်သက်လို့ သင်ခန်းစာတွေ အများကြီးရတယ်။ ဆိုလိုတာက အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့လိုတယ်။ နေရာတိုင်းမှာ ရေစီးရေ လာကောင်းဖို့ မြောင်းတွေဖော်ထုတ်ဖို့လိုတယ်။ ဒါဟာ ပြည်နယ်တစ်ခုလုံးမှာ ဆောင်ရွက်ရမယ်။ အစိုးရ၊ ပြည်သူနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်လိုက်ရင် နောက်တစ်ခါ ဒီလိုမျိုး ကြုံမှမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေရှိရင်၊ မြောင်းရှိရင် သူ့ဘာသာ သူ့ဆင်းသွားမှာပဲ။ အဲဒါလေး ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

 

ဦးစိုးအောင် (ဒုတိယဝန်ကြီး)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

 

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကနာရီမပြတ် မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်စတဲ့မြို့တွေနဲ့ ရပ်ရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်တယ်။ မော်လမြိုင်မြို့မှာလည်း ၁၇ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့ထဲမှာလည်း ရေကြီးရေလျှံမှု တွေဖြစ်တယ်။ မော်လမြိုင်မြို့ဆိုတာလည်း အတ္ထရံမြစ်နဲ့ သံလွင်မြစ်ကြားမှာ တည်ရှိပြီး နှစ်ဖက်ကနေ ရေတောင့်တာတွေလည်း ရှိပါတယ်။ အဲဒီလိုရေတောင့်တာတွေရှိပြီး ရေဝင် ရေထွက် မကောင်းတဲ့အခါ မြို့ထဲမှာ ရေကြီးရေလျှံမှုတွေဖြစ်သလို မော်လမြိုင်မြို့ရဲ့အထင်ကရ တန်ခိုးကြီး ကျိုက်သလ္လံ စေတီတော်မြတ်ကုန်းတော်မှာလည်း မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။

 

ဒီမြေပြိုမှုတွေ ဖြစ်ဖြစ်ချင်းအချိန်မှာပဲ ပြည်ထောင်စုဝန်ကြီးက ချက်ချင်းသွားရောက်ခဲ့ပြီး ကူညီကယ်ဆယ်ထောက်ပံ့မှုတွေ၊ အရေးပေါ်ဆောင်ရွက်မှုတွေကို မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့အခါမှာ လတ်တလောအရေးပေါ် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်ထားခဲ့တာရှိပါတယ်။ ဇွန်လ ၁၉ ရက်နေ့ ညနေမှာတော့ စခန်းတွေအားလုံး ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

 

ရေကလည်း တဟုန်ထိုးတက်တယ်။ မိုးစဲသွားတာနဲ့ ဖယ်ရှားမှုတွေ အမြန်ဆုံး လုပ်လိုက်တဲ့အခါမှာတော့ ရေကချက်ချင်း ကျသွားပါတယ်။ ရေကျသွားတာနဲ့ ရပ်ရွာပြည်သူ လူထုအနေနဲ့လည်း မိမိအိမ်ကို ပြန်လည်နေထိုင်ပြီး မူလအနေအထားဖြစ်အောင် ဆောင်ရွက်ပါတယ်။ အဲဒါတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့လည်း ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားရောက်ပြီးတော့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

 

မော်လမြိုင်မြို့ တန်ခိုးကြီးဘုရား ကျိုက်သလ္လံစေတီတော်ကုန်းမြေ မြေပြိုသွားတာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ပညာရှင်အဖွဲ့နဲ့ သွားရောက်ပြီး ဆန်းစစ်မှုတွေ၊ ဆွေးနွေးမှုတွေ၊ ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ လမ်းညွှန်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပညာရှင်တွေနဲ့ အမြန်ဆုံးသွားရောက်ပြီး မြေပြိုမှုတွေကို ထိန်းသိမ်းနိုင်ဖို့ သွားရောက်ခြင်း ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ဘုရားကုန်းတော်ပေါ်မှာ ဂေါပကအဖွဲ့ဝင်တွေရယ်၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးရယ်၊ အခြား ပညာရှင်အဖွဲ့တွေရယ်၊ လွှတ်တော်ကိုယ်စား လှယ်အဖွဲ့တွေရယ်၊ ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ချက်ချင်း ရေပိတ်အောင်သုံးတဲ့ ဘိလပ်မြေတွေနဲ့ ရေမဝင်အောင် ပိတ်ဆို့တာတွေ၊ မသွားရမယ့်နေရာ သတ်မှတ်တာတွေ၊ ဆက်ပြီးမြေပြိုနိုင်တဲ့ နေရာတွေမှာ မိုးရွာရင်ရေမစိမ့်အောင် တာပေါ်လင်စတွေနဲ့ ဖုံးအုပ် တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

အဲဒါတွေ လုပ်ဆောင်ပြီးတာနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးကိုသွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ထံမှာ ကော်မတီ ဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကနေ ဘုရားကြီးကုန်းတော် မြေပြိုမှုအတွက် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ကနဦးအနေနဲ့ ကျပ်သိန်း တစ်ထောင်တိတိကို သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ပါတယ်။

 

မော်လမြိုင်မြို့ရေကြီး ရေလျှံမှု ချက်ချင်းဖြစ်တာနဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ချက်ချင်းသွားရောက်ခဲ့သလို ကော်မတီကလည်း ကြီးကြပ်လမ်းညွှန်မှုတွေ ပေးတဲ့အတွက် အမြန်ဆုံးထောက်ပံ့မှုတွေ၊ ကုန်းတော်ပြန် လည်မွမ်းမံဖို့အတွက် အဖွဲ့ဖွဲ့ခြင်းတွေ ဆောင်ရွက်ပါတယ်။ ပြည်နယ်ကလည်း သူ့အပိုင်းနဲ့သူ ဘဏ္ဍာငွေ ရရှိရေးကိစ္စတွေ၊ ပြုပြင်မွမ်းမံဖို့ ကော်မတီဖွဲ့စည်းခြင်းတွေ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု အနေနဲ့လည်း ဝန်ကြီးဌာနတွေက ပညာရှင်တွေရယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနဲ့ ဘူမိဗေဒအဖွဲ့စတဲ့ ပညာရှင်တွေနဲ့အတူ မြေပြိုမှုတွေကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေ တယ်ဆိုတာကို ပြည်သူများသိအောင် ပြောကြားလိုပါတယ်။

 

ဦးမြင့်ဇော် (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)

အဆောက်အဦ ဦးစီးဌာန၊  ဆောက်လုပ်ရေးဝန်ကြီးဌာန

 

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန် ၁၆ ရက်ကစပြီး မိုးကြီးတယ်။  ရွာသွန်းတဲ့ မိုးရေချိန်ဟာ ၁၃ ဒသမ ၅ လက်မလောက်အထိ ရွာသွန်းခဲ့ပါတယ်။  ဒီလိုရွာသွန်းတဲ့ မိုးရေချိန်ကြောင့် ကျိုက်သလ္လံဘုရားကြီးရဲ့ အရှေ့မြောက်ထောင့်နဲ့ အနောက်ဘက်မှာ အက်ကွဲတာတွေ၊ မြေပြိုမှုတွေ၊ အနည်းငယ်ပြတ်ကျတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

အဲဒီလိုဖြစ်ပေါ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးကနေပြီးတော့ ဝန်ကြီးဌာနအနေနဲ့ သွားရောက်စစ်ဆေးဖို့ မှာကြားတဲ့အတွက် ၁၈ ရက်  နေ့လယ်မှာ ကျွန်တော်တို့အဖွဲ့တွေ နေပြည်တော်ကနေ မော်လမြိုင်ကို သွားပါတယ်။ ၁၉ ရက်နေ့ မနက် ၈ နာရီမှာတော့ မွန်ပြည်နယ်မှာရှိတဲ့ ဆောက်လုပ်ရေးအဖွဲ့တွေ  ဂေါပကအဖွဲ့တွေနဲ့အတူ ကျိုက်သလ္လံစေတီ ကုန်းတော်ရဲ့ ပျက်စီးမှုအခြေအနေကို ကြည့်ရှုခဲ့ပါတယ်။

 

အဓိကတွေ့ရှိချက်ကတော့ ကုန်းတော်ပေါ်မှာ မိုးများတဲ့အတွက် မိုးတွေဟာ ကုန်းတော်ပေါ်ကနေ အောက်ထဲကို စိမ့်ဝင်သွားတယ်။ အဲဒီလို စိမ့်ဝင်တဲ့အခါမှာ မူလရှိတဲ့ မြေကြီးရဲ့ ဂုဏ်သတ္တိဟာ ရေနဲ့တွေ့တဲ့အခါ ကျဆင်းသွားတယ်။ ကျရောက်တဲ့ မိုးရေတွေဟာ ရေစီးကြောင်းဖြစ်ပြီး  ဘေးကိုတွန်းထုတ်ပြီးတော့   အရှေ့မြောက်ဘက်က ညောင်ပင်ကြီးလဲ ကျတာကိုလည်း တွေ့ရှိရပါတယ်။ ညောင်ပင်လဲတဲ့အတွက် ညောင်ပင်က တောင့်ခံထားတဲ့ မြေသားတွေက ဆက်ပြီးတော့ တောင့်ခံမထားနိုင်တော့ဘဲ အပေါ်ပိုင်းမှာ အနည်းငယ် နိမ့်ကျတာတွေ၊ အက်ကွဲတာတွေ၊ မြေသားပြိုတာ တွေ့ရပါတယ်။  အရှေ့မြောက်ထောင့် အောက်မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ဝက်လောက်အထိ မြေတွေဖုံးပြီးတော့ မြှုပ်သွားတာကို တွေ့ရပါတယ်။  စေတီတော်မှာ ဓာတ်လှေကားအနေနဲ့ အရင်က တပ်ထားတဲ့ ဓာတ်လှေကား အဟောင်းရှိပါတယ်။ အရှေ့ဘက်ကတော့ ဓာတ်လှေကားအသစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အရှေ့ဘက်ကပိုမြင့်ပါတယ်။ အရှေ့ဘက်က ပေ ၁၁၀  လောက်မြင့်ပြီးတော့ အနောက်ဘက် ဓာတ်လှေကားက ၆၅ ပေလောက် ရှိပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ တွေ့ပါတယ်။

 

ဂေါပကအဖွဲ့ကလည်း    ချက်ချင်းအက်ကွဲကြောင်းတွေကို ဘိလပ်မြေ၊ မဆလာတွေနဲ့ လုပ်ထားပြီး မြေကြီးထဲကို ရေထပ်မံဝင်ရောက်ရင် ပိုပြီးမြေပြိုမှာ ဖြစ်တဲ့အတွက် မိုးကာစတွေကို ဖုံးအုပ်ထားတယ်။ ကျန်တဲ့အပျက်အစီး အပိုင်းအစတွေကို ဖယ်ရှားထားတာ တွေ တွေ့ပါတယ်။

 

မိုးတွင်းကာလမှာ ဒီဘုရားကုန်းတော်ကြီးကို  ကောင်းအောင် ပြန်ပြင်ဖို့ဆိုတာ အချိန်ယူရမှာ ဖြစ်ပါတယ်။ မြေထပ်မံပြိုကျမှုကို တားဆီးဖို့ဆိုတာ ကျောက်စီနံရံလိုမျိုးတွေ  ဆောင်ရွက်မယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ ပုံမှန်အတိုင်း ရေလမ်းကြောင်းတွေ ကောင်းအောင်၊  ရေတွေဝပ်မနေအောင်၊ ရေဆင်းကောင်းအောင် ဆောင်ရွက်ဖို့ ဂေါပကအဖွဲ့နဲ့လည်း ညှိနှိုင်းမှာကြားထားတယ်။ ရေရှည်လုပ်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနတင်မကဘဲ NGO အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဘူမိဗေဒပညာရှင်တွေကို ဖိတ်ကြားပြီး အသေးစိတ် ဘုရားကုန်းတော်ရဲ့ မြေအနေအထားကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ စစ်ဆေးပြီးတော့ Soil Test ရဲ့  Result  အပေါ်မူတည်ပြီးတော့ ရေရှည်ကောင်းမွန်ဖို့အတွက် မြေကာနံရံတွေကို ဒီဇိုင်းလုပ်မှာ ဖြစ်ပါတယ်။

 

မြေကာနံရံတွေ တည်ဆောက်ပြီးတဲ့အခါမှာ ကုန်းတော်အတွင်းပိုင်းမှာရှိတဲ့ မြေသားတွေကို ပိုမိုပြီးတော့ အားကောင်းအောင် လိုအပ်တာတွေ ဆောင်ရွက်ပါမယ်။ ရင်ပြင်ပေါ်မှာ   တစ်ချို့ ပျက်စီးတဲ့ သာသနိကအဆောက်အဦတွေကို ပြန်လည် ပြင်ဆင်ပါမယ်။

 

ဒါတွေကို ဆောင်ရွက်ဖို့အတွက် ပြည်နယ်အစိုးရကလည်း ပြည်နယ်အဆင့် ပြန်လည်ပြုပြင်ရေးကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးကလည်း နိုင်ငံတော်သမ္မတရုံးကို ဖွဲ့စည်းတဲ့ စာပေးပို့ထားတာ ဖြစ်ပါတယ်။  ပြည်ထောင်စုအဆင့်မှာတော့  ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဥက္ကဋ္ဌ၊ ကျွန်တော်က အတွင်းရေးမှူး၊ ပြီးတော့ ကျန်တဲ့သက်ဆိုင်ရာ အဖွဲ့တွေလည်းပါတယ်။ အခုကျိုက်သလ္လံ  စေတီတော်မြတ်ကြီးမှာလည်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အဓိကတွေ့ရှိချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို အစီရင်ခံစာ ပေးပို့ပြီးဖြစ်ပါတယ်။   အဓိက က ရင်ပြင်မှာ မိုးရေမဝင်အောင် ရေဆင်းကောင်းအောင်၊ အက်ကွဲကြောင်းတွေမရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။   အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်တဲ့အတွက်   အမှိုက်တွေကြောင့် မြေသားဟာ ရေစီးကြောင်းဒဏ်ကို မခံနိုင်တော့ဘဲ ပါသွားတာဖြစ်ပါတယ်။ နောက်တစ်ခုက အမှိုက်တွေ စွန့်ပစ်တဲ့အခါ ကြွက်တွေရောက်လာပြီး အောက်ကမြေကြီးကို ဖောက်တဲ့ အနေအထားရှိတဲ့အတွက်  ဖြစ်ပါတယ်။

 

လောလောဆယ် မြေပြိုတာအများဆုံးဖြစ်တဲ့ အရှေ့မြောက်ဘက်ကို အရင်ဆုံး ဆောင်ရွက်မယ်။ အနောက်ဘက်  အလယ်မုခ်ဦးကြီးက တိုင်တွေပြတ်ပြီးတော့ နိမ့်ကျတာကိုလည်း တွေ့ပါတယ်။  လှေကားထစ်တွေ အက်ကွဲတာတွေ တွေ့တဲ့အတွက် သေချာစစ်ဆေး ပြီးတော့မှ  ပြုပြင်မှာဖြစ်ပါတယ်။   အခုလက်ရှိ အနေအထားမှာ ဓာတ်လှေကားကို မသုံးစွဲသေးပါဘူး။ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး သူတို့လည်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့  ဦးစီးဌာနကလည်း ပေးအပ်တဲ့ တာဝန်ကို တာဝန်ယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ရှင်မင်း၊ မွှေးကြူဇင်

ဓာတ်ပုံ-ကျော်ရဲဆွေ