နေပြည်တော် ၃၀ ဇူလိုင် 

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတုပြောင်းလဲလာမှု အခြေအနေများနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ထိုအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများကိုလည်း ပြောင်းလဲဆောင်ရွက်လာရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့အသက်ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနည်းပါးစေရေး၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုများ လျော့နည်းစေရေးတို့ကို အဓိက ဦးတည်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ပုံမှန်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သကဲ့သို့ နည်းပညာအသုံးပြု ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။

ထိုကဲ့သို့ နည်းပညာအသုံးပြုကာ ပိုမိုတိကျသည့် အချက်အလက်များရရှိပြီး ဆောင်ရွက်နိုင်ခြင်းဖြင့်  သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးတွင် များစွာအကျိုး ရှိပါကြောင်း၊ နည်းပညာအသုံးပြုနိုင်မှု အခြေအနေကို ကြည့်ပါကလည်း နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများအသုံးပြုနိုင်မှုနှင့် အဆိုပါပစ္စည်း ကိရိယာများကို ကိုင်တွယ်သုံးစွဲနိုင်သည့် ကျွမ်းကျင်သူလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး နည်းပညာ ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ သင်တန်းများဖွင့်လှစ်ခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် သဘာဝဘေးစီမံ ခန့်ခွဲမှုများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း အမြဲတမ်း အဆင့်သင့်ရှိနေပါကြောင်း။  

တောင်နဝင်း(ပင်မ)တမံ မျက်နှာပြင်ကျိုးပေါက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)၊ ASIA AIR SURVEY MYANMAR Co. Ltd. တို့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ “ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး”ဆိုသည့် မူဝါဒနဲ့အညီ ပြည်သူများအပါအဝင် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ဂျပန်နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှုအခြေအနေများကို လာရောက်မျှဝေခြင်းအားဖြင့်လည်း မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားသည်။ 

ထို့နောက် Asia Air Survey Co.,Ltd မှ Managing Director, Mr.MAYA Manabu က ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းဆောင်ရွက်မှုများ၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဂျပန်နိုင်ငံ၌ မြေပြိုမှုများ၊ ငလျင်ဘေးအန္တရာယ်များနှင့် အခြားသဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများတွင် နည်းပညာအသုံးပြုဆောင်ရွက်မှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ်များ ပေါင်းစပ်ထည့်သွင်းအသုံးချနိုင်မှုနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နည်းပညာဆိုင်ရာ ပညာရှင်များ၊ ပြည်တွင်း/ပြည်ပအရပ် ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်