ချောင်းဆုံ ၂၁ စက်တင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆယ်ပလာကျေးရွာတွင် သဘာဝဘေးဒဏ်ခံ ဆိုင်ကလုန်းရှဲ(လ်)တာ တည်ဆောက်နိုင်ရေး လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆယ်ပလာရွာ အ.မ.က ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ ဆယ်ပလာကျေးရွာရှိ ကလေးအဖွဲ့နှင့်ရပ်မိရပ်ဖများ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် ကျေးရွာရပ်မိရပ်ဖနှင့် ကလေးအဖွဲ့များပူးပေါင်းပြီး ကလေးသူငယ်အခွင့် အရေးဆိုင်ရာနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ကလေးကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးသည်။
ဆက်လက်၍ ကျေးရွာများတွင် ဆိုင်ကလုန်းရှဲ(လ်)တာ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဆိုပါအဆောက်အဦ တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရက အတည်ပြုထားပြီးဖြစ်ကြောင်း၊ လာမည့် ဘတ်ဂျတ်တွင် လုပ်ငန်းအကောင်အထည်ဖော်ရန် နိုင်ငံပိုင်သတင်းစာတွင် တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း မကြာသောကာလတွင် လုပ်ငန်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲကို ချောင်းဆုံမြို့နယ် ရွှေကျွန်းသာကျွန်ယက်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး Save the Children အဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီပံ့ပိုးခဲ့ခြင်းနှင့် ဖိလစ်ပိုင်နိုင်ငံ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်(၄)ဦးတို့မှ လေ့လာသူအဖြစ် အဆိုပါ ဆွေးနွေးပွဲကို လာရောက်လေ့လာခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


