မိုးမောက် နိုဝင်ဘာ ၃

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ သဘာဝဘေးကြောင့် စပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား  ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ရက် နံနက် ၉ နာရီခွဲ ခန့်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတောက်ထွန်းက ဓာတ်မြေသြဇာထောက်ပံ့ရခြင်း နှင့် သုံးစွဲနည်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၂၀၂၀−၂၀၂၁ခုနှစ် မိုးရာသီ သြဂုတ်လအတွင်းမိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကျေးရွာအုပ်စု ၆ အုပ်စုတွင် မိုးစပါးစိုက်ပြီးဧက ၂၅၉၈ နစ်မြုပ်ခဲ့ပြီး  တောင်သူ ၅၈၃ ဦး ၏ စိုက်ပြီးလယ်မြေဧက ၁၆၇၆ ဧက ထိခိုက်ခဲ့မှုနှင့် ပြန်စိုက်ဧကများအတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ သဘာဝဘေးအရေးပေါ် ရံပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာ ၅၈၈ အိတ်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

               

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုး မင်းထိုက်၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတောက်ထွန်း၊ မြို့နယ်သမဝါယမအသင်း မှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်တို့မှ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းကြမ်း ကျေးရွာ၊ မခွယ်ကျေးရွာ ၊ နောင်းကုန် ကျေးရွာ၊ နှင်းအီကျေးရွာ၊ တာဆိုင်ကျေးရွာနှင့် တိန်းဘုရား ကျေးရွာ တို့မှ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

 

သဲစုမိုး(ပြန်/ဆက်)