ကန့်ဘလူ ၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ဧပြီ ၂ ရက်က မိုးသက်လေပြင်းများ တိုက်ခတ်မှုနှင့်အတူ မိုးသီးများ ကျရောက်ခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော ကျေးရွာများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်၌ သဘာဝဘေးကြောင့် လူနေအိမ်အမိုးလန် ပျက်စီးခဲ့သော ညောင်ကန်သာ ကျေးရွာအုပ်စု အင်ငုတ္တိုကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု ၄၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ငါးမျိုး၊ ထောက်ပံ့ငွေကျပ် ၁၀၄၅၀ဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် မော်ကယ်ကျေးရွာအုပ်စု မော်ကယ်(ရှေ့)ရွာနှင့်ညောင်ပင်ကျေးရွာတို့ရှိ အိမ်ထောင်စု ၃၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ငါးမျိုး၊ ထောက်ပံ့ငွေကျပ် ၁၁၅၅၀ဝဝ၊ ပြိုလဲနေအိမ် နှစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ ထောက်ပံ့ငွေကျပ် ၂၀ဝဝဝဝ၊နောင်ကောက်ကျေးရွာအုပ်စု နန်းသပ်ကျေးရွာရှိ အိမ်ထောင်စု ၂၁ စုအတွက်ကယ်ဆယ်ရေးပစ္စည်း ငါးမျိုးနှင့် ထောက်ပံ့ငွေကျပ် ၄၆၀ဝဝဝ၊ နောင်ဦးကျေးရွာအုပ်စု တယ်ပင်ဆိပ်ကျေးရွာရှိ အိမ်ထောင်စု သုံးစုအတွက် ကယ်ဆယ်ရေးပစ္စည်း ငါးမျိုးနှင့်ထောက်ပံ့ငွေကျပ် ၁၂၀ဝဝဝ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။
ကန့်ဘလူမြို့နယ်တွင်ကျန်ရှိသော လေဘေးသင့် ဇင်းကျေးရွာအုပ်စု ဘောကျေးရွာမှ အိမ်ထောင်စု တစ်စုအား ဧပြီ ၅ ရက်၌ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


