၁၁ ဇွန်

 

မြန်မာနိုင်ငံ၌ မုတ်သုံရာသီရောက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့တွင်မိုးလေမှန်ပြီး မိုးဖြိုင်ဖြိုင်ရွာနေသော်လည်း မိုးနည်းရေရှားဒေသများတွင် မိုးမရွာသွန်းသေးချေ။ အချို့ဒေသများတွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုများရှိသော်လည်း မုန်တိုင်းဖြစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံဖြစ်ခြင်းတို့မဖြစ်သေး၍ လက်ရှိအခြေအနေအထိ သဘာဝဘေးနှင့်ပတ်သက်၍ စိတ်အေးသက်သာမှု ရှိနေပေသည်

 

သို့သော် သဘာဝဘေးသည် အချိန်အခါမရွေး ရောက်လာနိုင်သည်ဖြစ်၍ သဘာဝဘေးစီမံခန့်ခွဲရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝဘေးအ္တရာယ်များ ပိုမိုများပြားလာသည်။ သဘာဝဘေးကို ထူးထူးခြားခြား ကြုံတွေ့ရခြင်း မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း တစ်မျိုးမဟုတ်တစ်မျိုး ပုံမှန်ကြုံတွေ့လာရသည်။

 

မြန်မာနိုင်ငံတွင် ပုံမှန်အတိုင်းဖြစ်ပေါ်လေ့ရှိသည့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီကို သူ့အချိန်နှင့်သူ ပီပီပြင်ပြင် မခံစားရတော့ဘဲ မိုးမပီ၊ ဆောင်းမကျ၊ နွေအပူလွန်ကဲခြင်းတို့ကို လူတို့ထူးကဲစွာ ခံစားလာကြရသည်။ မုတ်သုံကာလမှာ တိုတောင်းလာပြီး မိုးရွာသွန်းမှုပုံစံပြောင်းလဲကာ မရွာချင်လျှင်လည်းမရွာ၊ ရွာပြန်လျှင်လည်းမစဲနှင့် ရေကြီးရေလျှံဖြစ်မှုများ ကြုံတွေ့လာရသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၉)အစည်းအဝေးတွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သဘာဝဘေးစီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများကို မျက်ခြည်မပြတ်လေ့လာသိရှိနေရန်၊ အစဉ်အမြဲ နိုးနိုးကြားကြားရှိနေရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင်သင့်ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းအစီအစဉ်များအပြင် ရေရှည်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးပြောကြား ခဲ့သည်။

 

သဘာဝဘေးဖြစ်လာပါက မလွဲမသွေရင်ဆိုင်ကြရမည်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာမည်ဖြစ်သည်။ သာဓကအားဖြင့် ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် ပူရီမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် အလွန်အားကောင်းပြီး ပြင်းထန်ကြီးမားသည့် မုန်တိုင်းကြီးဖြစ်သော်လည်း ယင်းပြည်နယ်တွင်သေဆုံးသူ ၆၄ ဦးသာ ရှိခြင်းသည် သဘာဝဘေးကို တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုကောင်းခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

 

ထိုကာလနှင့်တစ်ထပ်တည်း မြန်မာနိုင်ငံတွင် ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့်လူ့အသက်ပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရခြင်းသည် ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သဖြင့် သင်ခန်းစာယူဖွယ်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင်မြန်မာနိုင်ငံ၌ သဘာဝဘေးအမျိုးမျိုးကိုကြုံတွေ့ခဲ့ရရာ သဘာဝဘေးစီမံခန့်ခွဲရေး ကောင်းမွန်မှု၊ လူအများအတွေ့အကြုံရှိမှုနှင့် တက်ကြွစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုများကြောင့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးသက်သာအောင် ဆောင်ရွက်လာနိုင်ပြီဖြစ်သည်။

 

သဘာဝဘေးကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် သဘာဝဘေးစီမံခန့်ခွဲသူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုများမှာ အခြေအနေကောင်းများ ရရှိနေသော်လည်း ရေရှည်အားဖြင့် သဘာဝဘေးဒဏ်ကို လျော့နည်းစွာကြုံတွေ့နိုင်ရန် မိမိတို့၏ သဘာဝပတ်ဝန်းကျင်များ မပျက်စီးရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ယခုမိုးရာသီကာလတွင် ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များသာမက ရာသီမရွေးကြုံတွေ့နိုင်သော သဘာဝဘေးအမျိုးမျိုးတို့ဒဏ်မှ လျော့ပါးသက်သာနိုင်ရေးအတွက် သဘာဝဘေးစီမံဆောင်ရွက်မှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ