သဘာဝဘေးကို ပြတ်ခြည်မပြတ်သတိပြု

၃၀  သြဂုတ်

 

ယမန်နေ့နံနက်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝ ကျေးရွာအုပ်စု ဥယျာဉ်မှူးကျေးရွာအထက်ဘက်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲမှ နိမ့်ကျပျက်စီးပြီး ရေကျော်ထွက်ခဲ့သည်။ ထိုရေများ ဆွာချောင်းအတွင်း စီးဝင်တိုက်စားမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၅/၁)မိုင်ရှိ ဆွာချောင်းတံတား တိုင်နိမ့်ကျခဲ့ပြီး ဆည်အောက်ပိုင်းရှိ ပတ်ဝန်းကျင်နယ်မြေများ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ရေကျော်မှုဖြစ်ပွားရာဒေသသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ ချက်ချင်းသွားရောက်ကာ ကူညီကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်ကို မြင်တွေ့ရသည်။

 

ရေကျော်မှုကြောင့် ဆည်အောက်ကျေးရွာများ ရေလွှမ်းမိုးခြင်းခံခဲ့ရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းဟောင်းနေရာ အချို့အကြား ရေကျော်မှု၊ ဆွာချောင်းတံတားတိုင် နိမ့်ကျမှုတို့ကြောင့် ခရီးသွားလာမှု ခေတ္တပြတ်တောက်ခဲ့ပြီး သက်ဆိုင်ရာမှ စီစဉ်ပေးသဖြင့် ယခုအခါ ယာယီသွားလာ၍ ရနေပြီဖြစ်သည်။ တံတားတိုင်နိမ့်ကျသောနေရာအား ယာယီဘေလီတံတားတစ်ခုကို ချက်ချင်းထိုးပေးပြီး ပျက်စီးသွားသော တံတားကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့် နိုင်ငံတစ်ဝန်း ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရပြီး ဒေသအချို့တွင် ပြည်သူများရေဘေး သင့်ခဲ့ရသည်။ ထိုသို့ရေဘေးအန္တရာယ်နှင့် ပြည်သူများကြုံတွေ့နေရချိန် တွင် ဆွာချောင်းဆည်တမံမှ ရေဘေးအန္တရာယ်ကို ပထမဆုံးကြုံတွေ့ရခြင်းဖြစ်၍ ဆည်တမံနှင့် ရေဘေးအန္တရာယ်ကို အထူးသတိထားရန်လို ပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။

 

မြန်မာနိုင်ငံတစ်ဝန်းတွင် ဆည်တမံများ တစ်ရာကျော် တည်ဆောက်ထားပြီး ယခုနှစ်မိုးရာသီ၌ ဆည်တမံများ၏ ရေပိုလွှဲမှ ရေကျော်ကျသည့် ဆည်တမံ ၅၆ ခု၏ အခြေအနေကို ဩဂုတ် ၂၇ ရက်က နိုင်ငံပိုင် မီဒီယာများတွင် တရားဝင်အသိပေး သတင်းထုတ်ပြန်ထားသည်။ ဆည်တမံများ ကြံ့ခိုင်မှုအခြေအနေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေးပေးလျက်ရှိသည်။ ယခုဖြစ်စဉ်သည် ဆည်တမံကျိုးပေါက်ခြင်းမဟုတ်ဘဲ ရေပိုလွှဲနံရံ ပေ ၃၀ဝ ကျော် ပျက်စီးပေါက်ထွက်ခြင်းကြောင့် ထိုသို့ရေဘေးအန္တရာယ်၊ အခက်အခဲတို့ နှင့် ပြည်သူများ ကြုံတွေ့ရခြင်းဖြစ်သည်။

 

ဆည်တမံများမှာ နွေရာသီကာလတွင် စိုက်ပျိုးရေးအတွက် အကျိုးပြုသလို ယခုလိုမိုးရာသီကာလတွင် ဆည်တမံကြံ့ခိုင်ရေးနှင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့် ရေဘေးအန္တရာယ်များကိုလည်း အထူးသတိ ထားရမည် ဖြစ်သည်။ အဆောက်အအုံများ စံချိန်စံညွှန်းမီခြင်းသည် ဘေးအန္တရာယ်ကင်းစေသဖြင့် တည်ဆောက်ထားသော အဆောက်အအုံများ၏ စံချိန်စံညွှန်းမီခြင်း မမီခြင်း၊ သတ်မှတ်သက်တမ်းအရ ကြံ့ခိုင်မှုအရည် အသွေးပြည့်မီခြင်း မမီခြင်းတို့ကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ပေး နေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလို ရာသီဥတုပြောင်းလဲ နေသောကာလဝယ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားမှု၊ ရေဖိအားများမှုနှင့် သဘာဝ ငလျင်ဘေး စသည့်ဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ရန် အထူးအရေးကြီးသည်။

 

သို့ဖြစ်ရာ ယခုဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်မှာ ရေပိုလွှဲပျက်စီးမှု အနည်းငယ်ကြောင့်ဟု ဆိုသော်လည်း လူမှုပတ်ဝန်းကျင်နှင့် ပြည်သူများ ထိခိုက်နစ်နာမှုပမာဏ မနည်းသည့်အပြင် စိုးရိမ်ပူပန်မှုလည်း ဖြစ်စေသောကြောင့် ဆည်တမံများ ကြံ့ခိုင်မှုရှိရေး၊ ဆည်တမံပတ်ဝန်းကျင်မှ ပြည်သူများ နေထိုင်မှု၊ ဘေးအန္တရာယ်ကင်းရေး စသည်တို့ကို မျက်ခြည်မပြတ် အထူးသတိပြု ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ