မကွေး  ၁၇  ဇူလိုင်

 

မကွေးတိုင်းဒေသကြီးအတွင်း၌ နှစ်စဉ်သဘာဝဘေးများ အကြိမ်ရာနှင့်ချီ၍ ရင်ဆိုင်ရလေ့ရှိပြီး ဘေးကြုံလျင် ချက်ချင်းထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို ဂိုထောင်များအတွင်း အသင့်သိုလှောင်ထားကြောင်း တိုင်းဘေးအန္တ  ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။

 

ကျားဝတ်၊မဝတ်လုံချည်များ ၊ ရှပ်အင်္ကျီ ၊ ခြင်ထောင် ၊ စောင် ၊ ဖျာ ၊ ဒန်အိုး ၊ စတီးဇလုံ ၊ စတီး ပန်းကန်ပြား ၊ စတီးဇွန်း ၊ စတီးဓါး ၊ ရေချိုးခွက် ၊ သောက်ရေခွက် ၊ မျက်နှာသုတ်ပုဝါ စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရုံး ၊ ဂိုထောင်များ၌ အရံသင့် ပြင်ဆင်ထားခြင်းဖြစ်သည်။

 

 “ ဘေးဖြစ်လို့ရှိရင် ပေးနိုင်အောင် သိုလှောင်ထားတာပါ။ မကွေးတိုင်းမှာက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ သဘာဝဘေးအကြိမ်ရေ(၄၄၂)ကြိမ် ကြုံတွေ့ခဲ့ပြီးတော့  ၂၀၁၉-၂၀၂၀ခုနှစ်မှာ အောက်တိုဘာက နေဇွန်လကုန်ထိ ၉လ အတွင်း သဘာဝဘေး ၂၇၇ ကြိမ် ကြုံခဲ့ရပါတယ်။ အဖြစ်များတဲ့ လေဘေး ၊ ကမ်းပါးပြိုဘေး ၊ မီးဘေးတွေအတွက် နှစ်စဉ်ကြိုတင်စီမံ  ထားရတာပါ ” ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

 

ဘေးကြုံရသူများကို ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းလုပ်ငန်းအပြင် သဘာဝဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်ဆီးမှုနှင့်ပြိုကျပျက်ဆီးမှုများအတွက်  ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်း ၊ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ထောက်ပံ့ခြင်း ၊ ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်ပြောင်းရွှေ့စရိတ် ထောက်ပံ့ခြင်းများကို လုပ်ဆောင် ပေးလျက်ရှိကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

 

ဇေယျတု(မကွေး)