ဟားခါး မေ ၂၅

 

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က “ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများမှာ မြို့နယ်လေးမြို့နယ်တွင်သာ ဖြစ်ပွားကြောင်း သိရှိရကြောင်း၊ ထပ်မံဆက်သွယ်နိုင်မှုအရ ဖလမ်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာနှင့် အခြားကျေးရွာများ ထပ်မံတိုးလာသည်ကို တွေ့ရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းအပ်နှံမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စာသင်ကျောင်း ပျက်စီးမှုများကို ဦးစားပေးပြင်ဆင်ပေးရမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိဌာနရုံး ထိခိုက်ပျက်စီးမှုရှိပါက အထောက်အထား မှတ်တမ်းဓာတ်ပုံများဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုကြောင်း” ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက်လည်းကောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက လေဘေးသင့် ပြည်သူများအား ငွေကျပ် ၁၈၇၃၀၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဆွေးနွေးကြကာ ဆွေးနွေးချက်များပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ခရိုင်(ပြန်/ဆက်)