မြိတ် ၁၃ သြဂုတ်
သဘာဝဘေးအန္တရာယ်ကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုလမ်းမကြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများ၊ တောင်ပြိုမှုများ ဖြစ်ပွားလျက်ရှိရာ ကုန်စည်စီးဆင်းမှု လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မြိတ်မြို့၌ ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရေးအတွက် သြဂုတ် ၁၂ ရက်က စည်ပင်သာယာရေးကော်မတီနှင့် တာဝန်ရှိသူများက စားသောက်ကုန်များ ရောင်းချနေသည့်ဆိုင်များ၊ ဈေးများသို့ ကွင်းဆင်း၍ ညှိနှိုင်းဆွေးနွေး မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
“ဆန်ကုန်သည်များက ဈေးတည်တည်ငြိမ်ငြိမ်နဲ့ ရောင်းပေးနေတယ်။ ကုန်ဈေးနှုန်းကို တည်တည်ငြိမ် ငြိမ် ထိန်းပေးမယ်လို့ ဆန်ကုန်သည်အသင်းက ပြောတယ်။ ဆီကုန်သည်အသင်းဆီကိုလည်း ဆက်သွယ်ပြီးပြီ။ ဆီဈေးနှုန်းကိုတစ်ပိဿာ ၁၈၀ဝ ကျပ်ဖြင့် အရင်ဈေးနှုန်းအတိုင်း ရောင်းပေးနေတယ်လို့ပြောတယ်။ လက်လီဆိုင်လေးတွေက တက်ကောင်းတက်လိမ့်မယ်။ ဒိုင်ကြီးတွေက ဒီဈေးနှုန်း ဒီဈေးနှုန်း ရောင်းပေးနေတယ်လို့ Public ကိုကြေညာပေးမယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့နေရာမှာ ကုန်သည်တွေကလည်း အားလုံးဝိုင်းဝန်းပြီး နိုင်ငံသားအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အကျိုးအမြတ်တစ်ခုတည်း မကြည့်ဘဲ အားလုံးဝိုင်းပြီး ကူညီပေးတဲ့အနေနဲ့ လုပ်ဆောင်ပေးစေချင်ပါတယ်”ဟု စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
စားသောက်ကုန်များ ရောင်းချလျက်ရှိသော ဈေးကြီးများ၊ ကြက်ဥလက်လီလက်ကား ရောင်းချနေသော ထူးထူးတိုး ဥစားကြက်မွေးမြူရေးခြံ၊ ဆန်အရောင်းဆိုင်များ၊ ကုန်စိမ်းလက်လီလက်ကား အရောင်းဆိုင်များ၊ ကုန်ခြောက် လက်လီလက်ကား အရောင်းဆိုင်များအား စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက လက်ရှိရောင်းချနေသော ကုန်ဈေးနှုန်းများ တည်တည်ငြိမ်ငြိမ်ဖြစ်ရေး၊ ဈေးကစားမှုမရှိစေရေး ဆိုင်ပိုင်ရှင်များနှင့် ဆွေးနွေးညှိနှိုင်း မေတ္တာရပ်ခံခဲ့ကြသည်။
“အရင်ဝယ်တဲ့ အခေါက်ကတော့ ဂေါ်ဖီတစ်လုံး (၇၀ဝ) ပဲဝယ်ရတယ်။ ခရမ်းချည်သီး တစ်ပိဿာ (၁၀ဝဝ)၊ တံတားပိတ်လိုက်တဲ့ အခေါက်မှာတော့ ဂေါ်ဖီတစ်လုံး (၁၈၀ဝ)၊ ခရမ်းချည်သီးတစ်ပိဿာ (၁၈၀ဝ) ဖြစ်သွားတယ်။ အခုလက်ရှိ ဒီမှာကားမလာတော့ အရင်က ငရုတ်သီး (၂၅၀ဝ) ဝယ်ရတာ နောက်ဆုံးအခေါက်မှာ တစ်ပိဿာ (၄၀ဝဝ) ဖြစ်သွားတယ်။ အရောင်းအဝယ်အနေနဲ့ အဆင်ပြေသလိုပဲ ရောင်းနေပါတယ် အများကြီးတင်မရောင်းပါဘူး။ ကုန်စိမ်းက ပုတ်တတ်တော့ အဆင်ပြေသလို (၂၀ဝဝ) ဝန်းကျင်ပဲ ရောင်းပေးပါတယ်” ဟု ဆိပ်ငယ်ဈေးတွင် ကုန်စိမ်းရောင်းနေသူ ဒေါ်စန်းဝင်း က ပြောသည်။
မြိတ်မြို့တွင် ဆန်တင်ပို့ရောင်းချမှု အနေဖြင့် ဧရာဝတီတိုင်းက ရေလမ်းခရီးဖြင့် တိုက်ရိုက်လာတဲ့အတွက် အခက်အခဲမရှိကြောင်း၊ ဆန်များရှိနေ၍ တော်ရုံဈေးမတက်နိုင်ကြောင်း၊ နောက်(၄)လခန့် ရောင်းချနိုင်သည်အထိ ဆန်များရှိကြောင်း ဆန်အရောင်းဆိုင်မှ ဒေါ်စိုးစိုးထံမှ သိရသည်။ မြိတ်မြို့သို့ ဆန်သင်္ဘောများ (၅) ရက်အတွင်း ရောက်လာရန်ရှိကြောင်း ဆန်ကုန်သည်တစ်ဦးက ဆိုထားကြောင်း၊ မြိတ်မြို့သည် တနင်္သာရီမြို့နှင့် ကျွန်းစုမြို့သို့ ကုန်စည်များ ဖြန့်ဖြူးပေးနေသည့် မြို့ဖြစ်သည့်အတွက် မြိတ်မြို့တွင်ဈေးတက်ပါက ကျန်သည့်မြို့နယ်များပါ ဈေးတက်သွားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီ မှ သိရသည်။
ခိုင်ထူး(မြိတ်ပြန်/ဆက်)


