သဘာဝဘေးသင့်ဒေသများနှင့် အခြားရေရှားပါးကျေးရွာများတွင်  ဆိုလာစွမ်းအင်သုံး ရွေ့လျားရေသန့်စင်စက်များ ဆောင်ရွက်ပေးသွားမည်

နေပြည်တော် ဇွန် ၄

သဘာဝဘေးသင့်ဒေသများ၊ အခြားရေရှားပါးကျေးရွာများအတွက် ဆိုလာစွမ်းအင်သုံးဖြင့် ရွေ့လျားရေသန့်စင်စက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သဘာဝဘေးသင့်ခဲ့သော ဒေသများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး ရွေ့လျားရေသန့်စင်ကားများ၊ LikeStraw ရေသန့်စင်စက် များဖြင့် မိမိတို့ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း သဘာဝဘေး သင့်ဒေသများ၊ အခြားရေရှားပါးကျေးရွာများအတွက်လည်း  ဆိုလာစွမ်းအင်သုံးဖြင့် ရွေ့လျားရေ သန့်စင်စက်များ ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက သဘာဝဘေးသင့်ဒေသများနှင့် အခြားရေရှားပါးကျေးရွာများတွင် ဆောင်ရွက်ပေးမည့် ဆိုလာစွမ်းအင်သုံးရွေ့လျားရေသန့်စင်စက် သရုပ်ပြလည်ပတ်မှု အခြေအနေကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်