နေပြည်တော် ၂၅ စက်တင်ဘာ
သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအကြား ပိုမိုချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး ခံစားနေကြရပါကြောင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအပါအဝင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအကြား ကဏ္ဍအလိုက် ဆောင်ရွက်ချက်များတွင် အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ထားရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး စီမံချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုဖြစ်စဉ်များပေါ် မူတည်၍ ဘေးဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာမှု၊ နည်းပညာများတိုးတက်လာမှု စသည်တို့နှင့် လိုက်လျော ညီထွေဖြစ်ရန် ယခင်စီမံချက်များအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း။
၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်း ၂၀ဝ၉ ခုနှစ်တွင် မြို့ပြမီးလောင်မှု၊ တောမီးလောင်မှု၊ ရေလွှမ်းမိုးမှု၊ မုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ မိုးခေါင်ရေရှား၊ မြေပြိုခြင်း၊ ဆီးနှင်းကျရောက်ခြင်း ဟူသည့် ဘေးအန္တရာယ်(၉)မျိုး နှင့်စပ်လျဉ်းသည့် စီမံချက်ကို ရေးဆွဲခဲ့ကြကြောင်း၊ အဆိုပါ စီမံချက်များကို ခေတ်ကာလနှင့်လျော်ညီစွာ သက်ဆိုင်ရာကဏ္ဍနှင့် ဌာနများအလိုက် ပြင်ဆင်ဖြည့်စွက်ရေးဆွဲရန် လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေတို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ရေးဆွဲထားသည့် စီမံချက်များအနေဖြင့် နိုင်ငံတော်အဆင့်မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ရပ်ကွက်/ ကျေးရွာအဆင့်ဆင့်အထိ လက်တွေ့ကျသည့် စီမံချက်များဖြစ်ရန် လိုအပ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရပ်ရွာလူထုဖြစ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သဘာဝဘေးတုံ့ပြန်ရေးနှင့် စပ်လျဉ်း၍ လက်တွေ့ရေးဆွဲဆောင်ရွက်နေသည့် Short Term နှင့် Long Term စီမံချက်များကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိ/မရှိ၊ Standard Operating Procedure များ ကျယ်ကျယ်ပြန့်ပြန့်ရှိရန်နှင့် Review လုပ်ရန် လို/မလို စသည်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုနှစ်အတွင်း ရေကြီး/ရေလျှံမှုနှင့် မြေပြိုမှုများ ဆိုးရွားစွာခံစားခဲ့ရသည့် မွန်နှင့် ကရင်ပြည်နယ်တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အရေးပေါ်တုံ့ပြန် ရေးဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ပြည်သူလူထု စသည့် လူ့စွမ်းအားအရင်းအမြစ်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် စနစ်ကျမှုနှင့် ထိရောက်သည့် ချိတ်ဆက်မှုများ၌ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရပါကြောင်း။
ဌာနအဖွဲ့အစည်းများတွင် မတူညီသည့် လုပ်ငန်းသဘာဝပေါ် အခြေခံကာ ရေးဆွဲထားသော ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်များရှိပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အဆိုပါစီမံချက်များကို အခြေအနေ၊ အချိန်အခါနှင့်အညီ ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးဆွဲကြရန်၊ လုပ်ငန်းတာဝန်လွှဲပြောင်းရာတွင် စနစ်တကျ ထည့်သွင်းလွှဲပြောင်း ဆောင်ရွက်ကြရန်တို့ကို တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေ တို့တွင်ပါရှိသည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဖော်ပြချက်များ၊ ဝန်ကြီးဌာန၏ အရေးပေါ်တုံ့ပြန်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများနှင့် သဘာဝဘေးရန်ပုံငွေ ခွဲဝေချထားမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
သတင်းစဉ်


