ရန်ကုန် ၁၄ ဇွန်
    

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ (အလုံ)ဓာတ်အားပေးစက်ရုံဝင်းအတွင်း ၃၈၈ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံနှင့် ဒလမြို့နယ် သက္ကယ်ကွင်းကျေးရွာ၌ ဓာတ်ငွေ့ရည်လက်ခံဆိပ်ကမ်း တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) နှင့်  TTCL Power Myanmar Company Ltd(TPMC) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်သက်ရောက်မှု ဆန်းစစ်ခြင်း(ESIA) လုပ်ငန်းစဉ်များကို (ဒုတိယအကြိမ်မြောက်) အများပြည်သူလူထုအား တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီ က ဒလမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
    

အခမ်းအနားတွင် ဒလမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ MOGE မှ gaspipeline  တာဝန်ခံ ဦးသန်းထိုက်အောင် တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  TTCL Power Myanmar Company Ltd(TPMC) မှ အထွေထွေမန်နေဂျာ ဦးထက်အောင်မွန်က  “ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ကုမ္ပဏီမှ အလုံဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားပေးစက်ရုံတစ်ခု  တည်ဆောက်၍ ဒလမြို့နယ် သက္ကယ်ကွင်းကျေးရွာ၌ သဘာဝဓာတ်ငွေ့ရည် လက်ခံဆိပ်ကမ်း အကောင်အထည်ဖော် တည်ဆောက် နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်းနှင့် လူမှုဝန်းကျင် သက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်၏ ဒုတိယအကြိမ် ပြည်သူလူထုတွေ့ဆုံ ရှင်းလင်းခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် TPMC ကုမ္ပဏီတို့အကြား ဓာတ်အားဝယ်ယူ ရောင်းချနိုင်ရေး စာချုပ်အတွက် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်း စတင်သည့် အချိန်မှ စာချုပ်ချုပ်ပြီး ၂၈ လ အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၏ လမ်းညွှန်မှုများနှင့် ဒေသခံပြည်သူများ၏ အကြံပြုချက်များကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အဆင့်ဆင့်အောင်မြင်သွားပါက ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း” စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
    

ပြည်ပနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည်ကို ဝယ်ယူ၍  (Energy) စွမ်းအင်များ သယ်ဆောင်လာမည့် သင်္ဘောကြီးများနှင့် တင်သွင်းမည်ဖြစ်ပြီး အလုံဆိပ်ကမ်း ရန်ကုန်မြစ်အတွင်းပိုင်းသို့ ဝင်ရောက်ခွင့် မပြုခြင်းကြောင့်  သီလဝါဆိပ်ကမ်းနှင့် နီးစပ်သည့် ဒလမြို့နယ် သက္ကယ်ကွင်းကျေးရွာတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့ရည်လက်ခံဆိပ်ကမ်း၌ သိုလှောင်ပြီး ၂၀ လက်မ အချင်းရှိ သံပိုက်လိုင်းဖြင့်  LNG သဘာဝဓာတ်ငွေ့ရည်ကို တွံတေးတူးမြောင်းကို ဖြတ်သန်း၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကမ်းဘက်မှတစ်ဆင့် အလုံဓာတ်အားပေးစက်ရုံသို့ ရန်ကုန်မြစ်အောက်မှ သွယ်တန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးထက်အောင်မွန်က ဒေသခံပြည်သူများ၏ မေးမြန်းမှုကို ဆက်လက်ပြောကြားခဲ့သည်။
    

အဆိုပါစီမံကိန်းလုပ်ငန်းများတွင် ကျွမ်းကျင်အင်ဂျင်နီယာများနှင့် လုပ်သားအင်အားများဖြင့် တည်ဆောက်သွားဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
    

သဘာဝဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်ထုတ်ရန် အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဒလမြို့နယ်တွင် ဓာတ်ငွေ့ရည်လက်ခံဆိပ်ကမ်း တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု ဆန်းစစ်ခြင်း(ESIA) လုပ်ငန်းစဉ်၏  ဒုတိယအကြိမ် လူထုတွေ့ဆုံရှင်းလင်းခြင်းကို အလုံမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်တို့၌ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
    

အဆိုပါ လူထုတွေ့ဆုံရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊  ရန်ကုန် တောင်ပိုင်းခရိုင် ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနု၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ TTCL ကုမ္ပဏီ မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
                                      

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)    

 

1