အောင်ကောင်း(ရေ)
နိုင်ငံတော်၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် လယ်ယာကဏ္ဍတွင် အဓိကလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေလုံလောက်စွာရရှိရေးသည် လွန်စွာ အရေးပါသဖြင့် မြေပေါ်ရေအရင်းအမြစ် မလုံလောက်သောနေရာများတွင် မြေအောက်ရေကိုပါ ထုတ်ယူသုံးစွဲစိုက်ပျိုးလျက်ရှိသည်။
ထိုသို့ မြေအောက်ရေထုတ်ယူသုံးစွဲရာတွင် မြေအောက်ရေသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက် နေစေရေးအတွက် စူးစမ်းလေ့လာမှုများ စနစ်တကျ ဆောင်ရွက်ပြီးမှသာ မြေအောက်ရေဖြင့် ဖြည့်စွက်စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများကို ဆောင်ရွက် သွားရမည်ဖြစ်ပြီး မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးအစီအမံများကို လည်း ဆောင်ရွက်ရမည်ဖြစ်သည်။
မြေအောက်ရေဖြင့် ဖြည့်စွက်စိုက်ပျိုးရေပေးဝေ
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ Green , Clean & Smart City အဖြစ် တိုးတက်အောင် အဓိကထားဆောင်ရွက် လျက်ရှိသကဲ့သို့ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခု ဖြစ်စေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်ကာ တပ်ကုန်းမြို့နယ်အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း ကားလမ်းမကြီးဘေးဘက် ဝဲ/ယာရှိ ဆင်သေချောင်းနှင့် နဝင်းချောင်းတို့ ပေါင်းဆုံရာ မြေနုလွင်ပြင်ပေါ်ရှိ ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာ အနီးဝန်းကျင်တွင် မြေအောက်ရေဖြင့် ဖြည့်စွက်စိုက်ပျိုးရေ ပေးဝေခြင်းစီမံကိန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဖြည့်စွက်စိုက်ပျိုးရေပေးဝေနိုင်စေရေးအတွက် ၁၀ လက်မအချင်းရှိ မြေအောက်ရေစက်ရေတွင်း ၄၀ တူးဖော်ကာ စိုက်ပျိုးမြေဧက ၁၂၀၀ ကို စိုက်ပျိုး ရေပေးဝေရန်ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ စက်ရေတွင်းပေါင်း ၃၅ တွင်း တူးဖော်ပြီးစီး၍ စိုက်ပျိုးမြေဧက ၁၁၂၅ ဧကအား အကျိုးပြုနိုင်နေပြီဖြစ်ကြောင်း သိရသည်။ ၁၀ လက်မ အချင်းရှိ စက်ရေတွင်းတစ်တွင်းမှ တစ်နာရီလျှင် ရေဂါလန်ပေါင်း ၂၂၀၀၀ မှ ၂၅၀၀၀ ဂါလန်ခန့် ထွက်ရှိကြောင်း သိရှိရပြီး တောင်သူများအား ရေအသုံးချ သူများအစုအဖွဲ့များ ဖွဲ့စည်းပေး၍ တောင်သူများကိုယ်တိုင် ရေယူစိုက်ပျိုး လျက်ရှိသည်။ တပ်ကုန်းမြို့နယ်အနီး စီမံကိန်းဧရိယာတွင် စိုက်ပျိုးသီးနှံများ အနေဖြင့် စပါး၊ ပြောင်း၊ ပန်းဂေါ်ဖီ၊ ခရမ်း၊ ငရုတ်၊ ပဲတီစိမ်း စသည်တို့ကို ဆင်သေ တမံနှင့် မြေအောက်ရေစိုက်ပျိုးရေစက် ရေတွင်းများမှ ရေကိုအသုံးပြု၍ တစ်နှစ် ပတ်လုံးစိုက်ပျိုးလျက်ရှိသည်ကို သိရှိရသည်။
ထိုစီမံကိန်းဧရိယာအတွင်း မြေအောက်ရေ ထုတ်ယူသုံးစွဲရာတွင် မြေအောက်ရေသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရေး အတွက်လည်း မြေအောက်ရေဆိုင်ရာ အစီရင်ခံစာ (Hydrogeological Report) ကိုလည်း လေ့လာပြုစုလျက်ရှိသည်။
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် ရေဆင်းစနစ်တို့အပေါ် အခြေခံ၍ မြစ်ဝှမ်းဒေသကြီး ရှစ်ခုပိုင်းခြားသတ်မှတ်ထားပြီး ခန့်မှန်းတွက်ချက်မှုများအရ နိုင်ငံ၏မြေပေါ်ရေ သယံဇာတ အရင်းအမြစ်ပမာဏ စုစုပေါင်း ၁၀၈၂ ကုဗကီလိုမီတာခန့်ရှိပြီး မြေအောက်ရေသယံဇာတ အရင်းအမြစ် ပမာဏ စုစုပေါင်း ၄၉၅ ကုဗကီလိုမီတာ ခန့်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ တွင် မြေအောက်ရေကို နုန်းတင်မြေနု ရေအောင်းလွှာ၊ ဧရာဝတီရေအောင်းလွှာ၊ ပဲခူးကျောက်လွှာအုပ်စု ရေအောင်းလွှာနှင့် ထုံးကျောက်နှင့် အခြားကျောက်မာ အမျိုးအစား ရေအောင်းလွှာ စသည့် ရေအောင်းလွှာ လေးခုမှ အဓိကထုတ်ယူ သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။
မြေအောက်ရေထုတ်ယူသုံးစွဲရန် အလားအလာကောင်းမွန်
တပ်ကုန်းမြို့နယ်အနီးရှိ စီမံကိန်း ဧရိယာသည် ဇလဘူမိဗေဒ အနေအထားများအရ နုန်းတင်မြေနုရေအောင်းလွှာနှင့် ဧရာဝတီကျောက်စဉ်စု ရေအောင်းလွှာ တို့မှာ မြေအောက်ရေ ထုတ်ယူသုံးစွဲရန် အလားအလာကောင်းမွန်သည့် အလွှာ များအဖြစ် တည်ရှိနေကြောင်း သိရှိရသည်။ မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုအနေဖြင့် တိုက်ရိုက်ရွာချသောမိုးရေကို ရရှိနေသည့်အပြင် စီမံကိန်းဧရိယာ၏ မြေမျက်နှာသွင်ပြင်အရ အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်မှ စီးဝင်လာသောရေများနှင့် အနောက်နှင့် အနောက်မြောက်ဘက် ပဲခူးရိုးမတောင်တန်းများမှ စီးဝင်ရေများ သည်လည်း မြစ်ချောင်းများမှတစ်ဆင့် သဘာဝအလျောက် မြေအောက် ရေအောင်းလွှာအတွင်းသို့ ပြန်လည် ဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် တပ်ကုန်းမြို့နယ် ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာဧရိယာ သည် ဆင်သေတမံမှ စိုက်ပျိုးရေပေးဝေ လျက်ရှိသည့် ဧရိယာများဖြစ်သည့် အတွက် ဆည်ရေပေးဝေလျက်ရှိသည့် စိုက်ပျိုးမြေဧက ၁၁၉၀ မှ ကွင်းပြန်ရေ များမှာလည်း မြေအောက်ရေအောင်းလွှာ အတွင်းသို့ ပြန်လည်ဖြည့်တင်းလျက်ရှိ ကြောင်း သိရှိရသည့်အတွက် မြေအောက် ရေအလားအလာကောင်းမွန်သော ဧရိယာတစ်ခုအဖြစ် တည်ရှိနေသည်။
အဆိုပါစီမံကိန်းဧရိယာကို စိုက်ပျိုး မြေဧက ၃၀၀၀ အထိ စိုက်ပျိုးရေရရှိရန် တိုးချဲ့မည်ဆိုပါက ၁၀ လက်မ အချင်းရှိ စက်ရေတွင်း ၆၀ ထပ်မံတူးဖော်ရမည် ဖြစ်သည်။ ယင်းသို့ ထပ်မံတူးဖော်မည့် စက်ရေတွင်း ၆၀ အတွက် နှစ်စဉ် မြေအောက်ရေပမာဏ ဧကပေ ၆၀၀ ခန့်သာ ထုတ်ယူသုံးစွဲရမည်ဖြစ်ပြီး Groundwater Potential ၏ ၁ ဒသမ ၇၂ ရာခိုင်နှုန်း တိုးတက်ထုတ်ယူသုံးစွဲ ရမည်ဖြစ်ကာ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှု စုစုပေါင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်း ခန့်သာရှိမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းတိုးချဲ့ဆောင်ရွက်ရန် အခြေအနေကောင်းများ ရှိနေပါသည်။
ယင်းသို့ စီမံကိန်းဧရိယာတိုးချဲ့မှုနှင့်အတူ စီမံကိန်းဧရိယာအတွင်း မြေအောက် ရေသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် လိုအပ်သော စောင့်ကြည့်လေ့လာအကဲဖြတ်မှု လုပ်ငန်းစဉ်များနှင့် တောင်သူပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများကိုလည်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေအောက် ရေစောင့်ကြည့်လေ့လာရေး တွင်းများ တူးဖော်ပြီး မြေအောက်ရေမျက်နှာပြင် ပြောင်းလဲမှုနှင့် ရေအရည်အသွေး လေ့လာဆန်းစစ် စောင့်ကြည့်မှု၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်မည့်နည်းစနစ်များဖြစ်သည့် မြေအောက် ရေ ပြန်လည်ဖြည့်တင်းသည့်တွင်းများနှင့် ရေကန်ငယ်များကို ဒေသ၏ ဇလ ဘူမိဗေဒအနေအထားအရ သင့်တော်သည့်နေရာများတွင် တည်ဆောက်သွား ရမည်ဖြစ်ကြောင်း သိရှိရသည်။
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်များ သုံးစွဲ
ထို့ပြင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်မှုလျော့နည်းစေရေး၊ လျှပ်စစ်စွမ်းအင်ချွေတာနိုင်ရေးနှင့် ဒေသခံတောင်သူများ၏ ရင်းနှီးကုန်ကျစရိတ် သက်သာစေရေးတို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်များ သုံးစွဲလျက်ရှိပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
မြေအောက်ရေကို အသုံးပြု၍ ဆက်တိုက် ရေပေးသွင်း စိုက်ပျိုးခြင်းဖြင့် ရေရှည်တွင် မလိုလားအပ်သော မြေဆီလွှာအရည်အသွေး နိမ့်ကျမှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရန် ရေချွေတာ သုံးစွဲသည့်နည်းစနစ်များ၊ မိုးရေနှင့် မြေအောက်ရေ ရောစပ်အသုံးပြုသည့် နည်းစနစ်များနှင့် ရေလိုအပ်ချက် နည်းသောသီးနှံပုံစံများ ရွေးချယ်စိုက်ပျိုး သွားနိုင်ရေးတို့ကို ဒေသခံတောင်သူများ အား အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ မြေအောက်ရေကို ထုတ်ယူသုံးစွဲကာ စိုက်ပျိုးမြေများကိုဖြည့်စွက်စိုက်ပျိုးရေများ တိုးချဲ့ပေးဝေနိုင်ပါက မြေပေါ်ရေ လုံလောက်စွာမရရှိသော ဒေသများသာမက မြေပေါ်ရေအရင်း အမြစ်မရှိဘဲ သဘာဝမိုးရေကိုသာ အားထားစိုက်ပျိုးနေရသော ဒေသများတွင်လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လာ နိုင်မည်ဖြစ်သည်။
ထိုသို့ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် လာမှုနှင့်အတူ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာ မည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုတွင်လည်း များစွာအထောက် အကူပြုလာစေမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ။