ဂန့်ဂေါ   ၁၃   မတ်

 

ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း သဘာဝမြေဩဇာများ တိုးချဲ့အသုံးပြုနိုင်ရေး ပညာပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၅ ရွာ၌ သဘာဝမြေဆွေးပုံ ၄၅ ပုံခန့်ကို နမူနာပြပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

 

သဘာဝမြေဩဇာများ ပြုလုပ်ရာတွင် အကျိုးပြု အဏုဇီဝများဖြစ်သည့် EM ၊ IMO ၊ ထရိုင်ကိုဒါးမား စသည်တို့ကို အသုံးပြု၍ ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပေါင်းမြက်၊ ဖွဲနု၊ ဖွဲကြမ်း စသည့် လယ်ယာဘေးထွက်ပစ္စည်းများ၊ နွားချေး၊ ကျွဲချေး၊ ကြက်ချေး စသည့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကို ဆွေးမြေ့အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကာဗွန်နှင့် မီသိန်းဓါတ်ငွေ့ကဲ့သို့သော ဖန်လုံအိမ် အာနိသင်ဓါတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုကို ကာကွယ်ရန်၊ မြေဆီလွှာ ပျက်စီးမှုများမှ ကာကွယ်ပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြေဩဇာအတွက် တောင်သူများ စိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာစေပြီး စားသုံးသူများဘေးကင်းလုံခြုံရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဓါတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာဆွေးမြေ့နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရေး ပညာပေး စည်းရုံးဆောင်းရွက်နေကြခြင်းဖြစ်ကြောင်းနှင့် လာမည့် မိုးရာသီ စပါး၊ နှမ်း သီးနှံများတွင် အသုံးပြုနိုင်ရေး သဘာဝမြေဩဇာများကို ဆက်လက်တိုးချဲ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကျော်သန်းဆွေ