၁၈ ဖေဖော်ဝါရီ


မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ စိုက်ပျိုးသီးနှံများထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် တောင်သူလယ်သမားများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရေးအတွက် မြေ၊ ရေနှင့် လုပ်အားအရင်းအမြစ်များပြီးလျှင် လယ်ယာသွင်းအားစုတစ်ခုဖြစ်သည့် မြေဩဇာကို အချိုးညီ အချိန်ကိုက် အသုံးပြုရေးသည် အရေးကြီးသည့်အချက်တစ်ချက် ဖြစ်ပါသည်။ လယ်ယာထွက်ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက်မြေဩဇာကို အမှန်တကယ် ထိရောက်လုံလောက်စွာ ရရှိအသုံးပြုနိုင်ရန် လိုအပ်လျက်ရှိပါသည်။


စိုက်ပျိုးရေးမဟာဗျူဟာနှင့် မြေဩဇာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအရ သီးနှံသွင်းအားစုများဖြစ်သည့် မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေး တို့နှင့် စပ်လျဉ်းပြီး ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ထားရှိကြောင်း လေ့လာ သိရှိရပါသည်။ ယင်းတို့တွင် ဓာတ်မြေဩဇာအသုံးပြုရာ၌ ထိရောက်မှုရှိစေရေးနှင့် အော်ဂဲနစ်နှင့် ဇီဝမြေဩဇာတို့တွင်ပုဂ္ဂလိကအခန်းကဏ္ဍမှ ပိုမိုပါဝင်လာစေရေး အားပေးမြှင့်တင်ဆောင်ရွက်ရန် ဖော်ပြပါရှိပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်ဓာတ်မြေဩဇာထုတ်လုပ်မှု၊ တင်သွင်းမှု၊ သုံးစွဲမှု၊ ဖြန့်ဖြူးမှု၊ လက်ကျန် စသည်တို့ပါဝင်သော သတင်းစနစ်ထူထောင်၍ အရည်အသွေးအာမခံချက်ရှိစေရန်၊ အတုအပ၊ အရောအနှော နှင့် တံဆိပ်အတုများတပ်ထားသည့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးခြင်းကို ကာကွယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


လက်ရှိအချိန်တွင် မြေဩဇာထုတ်လုပ်တင်သွင်းမှုကွင်းဆက်နှင့် ဈေးကွက်ပုံသ္ဌာန်မှာ တောင်သူလယ်သမား များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိပါသည်။ ပြည်တွင်း၌ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုကျဆင်းသည်နှင့်အမျှ ဖြည့်တင်း ပေးနိုင်မှုမှာ လျော့နည်းလာပါသည်။ နိုင်ငံတော်အနေဖြင့်ဓာတ်မြေဩဇာ လုံလောက်စွာ ထုတ်လုပ်နိုင်မှုမရှိသည့်အတွက်ပုဂ္ဂလိကအပိုင်းမှ ဓာတ်မြေဩဇာတင်သွင်းခြင်းကို အားပေး ဆောင်ရွက်လျက်ရှိပါသည်။


မြေဩဇာအသုံးပြုမှုနှင့် လိုအပ်ချက်မြန်မာနိုင်ငံအတွင်း သီးနှံအမယ်စုံစိုက်ပျိုးရာ၌ စပါးသီးနှံတွင် မြေဩဇာသုံးစွဲမှု ပမာဏအများဆုံးဖြစ်ပြီး မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ဝါ၊ ကြံ၊ ဂုန်လျှော်၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ စသည်တို့တွင်လည်း ထည့်သွင်းအသုံးပြုပါသည်။ မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးမှုတွင် ဓာတ်မြေ ဩဇာသုံးစွဲမှုပမာဏမှာ နှစ်စဉ် တိုးတက်များပြားလာသော်လည်း သုံးစွဲမှုနှုန်းထားမှာ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက များစွာနိမ့်ကျလျက်ရှိပါသည်။ သီးနှံများတွင်လိုအပ်သော ဓာတ်မြေဩဇာကို အချိုးကျ ထည့်သွင်းမသုံးစွဲနိုင်ခြင်းမှာ ဓာတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်နေခြင်းကြောင့်ဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ယူရီးယားဓာတ်မြေ ဩဇာမက်ထရစ်တစ်တန်အတွက် ကွင်းအရောက်ဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒေါ်လာရှိပြီး ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာ ၄၁၀၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၀ဝ နှင့် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၀ ရှိသဖြင့် မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာဈေးနှုန်းမှာ ဒေသအတွင်း အခြားနိုင်ငံများထက် ကြီးမြင့်လျက်ရှိပါသည်။ NPK ကွန်ပေါင်းဓာတ်မြေဩဇာဈေးနှုန်းမှာလည်း အလားတူ အခြားနိုင်ငံများထက် ကြီးမြင့်လျက်ရှိပါသည်။


မြန်မာနိုင်ငံ စပါးသီးနှံစိုက်ပျိုးမှုတွင် မိုးစပါးဧက ၁၅ သန်း၊ နွေစပါး ဧက သုံးသန်း စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းအတွက်တစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း ၁၀ဝ ထွက်ရှိရန် စပါး တစ်ဧကလျှင် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် သို့မဟုတ် ကွန်ပေါင်း ဓာတ်မြေဩဇာ သုံးအိတ်နှုန်း သုံးစွဲရန် လိုအပ်ပါသည်။ စပါး သီးနှံတစ်ခုတည်းအတွက်ပင်လျှင် ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၇ သန်းခန့် နှစ်စဉ်လိုအပ်မည်ဖြစ်ပြီး ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအပါအဝင် သီးနှံအားလုံးအတွက် နှစ်စဉ်ဓာတ်မြေဩဇာတန်ချိန် သုံးသန်းကျော် လိုအပ်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။


သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်နိုင်မှုတွင် သုံးစွဲမှုပမာဏမှာ လုံလောက်မှုမရှိသဖြင့် လိုအပ်သည့် ဓာတ်မြေဩဇာကို ပြည်ပမှ နှစ်စဉ်တင်သွင်းရလျက်ရှိပါသည်။ ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ တစ်ဖက်တွင်လည်း သီးနှံများတွင်ဓာတ်မြေဩဇာများ လွန်ကဲစွာအသုံးပြုခြင်းကြောင့် မြေဆီလွှာနှင့် မြေအောက်ရေအရင်းအမြစ်များ ပျက်စီးခြင်း၊ မြစ်ချောင်း၊ အင်းအိုင်များတွင် သဘာဝရေအရည်အသွေးပျက်ယွင်းပြီး ရေထုညစ်ညမ်းမှုများ တိုးပွားဖြစ်ပေါ်စေခြင်းစသည့် အကျိုး ဆုတ်ယုတ်မှုများ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် သီးနှံအထွက်တိုးရေးအတွက် ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းပြီး ဈေးကြီးပေး၍ ဝယ်ယူအသုံးပြုခြင်းထက် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်စေပြီး ရေမြေပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးသည့် သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကိုကျယ်ကျယ်ပြန့်ပြန့် ပိုမိုထိရောက်စွာ တိုးချဲ့အသုံးပြုရန် များစွာ လိုအပ်လျက်ရှိပါသည်။


နိုင်ငံတစ်ဝန်း ကျေးလက်ဒေသအသီးသီးတွင် နွားချေး၊ ကြက်ချေး၊ တီကျစ်စာ စသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းအပါအဝင်သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး၊ ပဲမှော် စသည့် အပင်တို့၏ ဘေးထွက်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုကြလျက်ရှိပါသည်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အပင်ဘေးထွက်ပစ္စည်းများကို ပိုမိုအာနိသင်ရှိသည့် သဘာဝမြေဩဇာအဖြစ် ပြုပြင်အသုံးပြုရာတွင် ပါဝင်ပစ္စည်းများအား ရောနှော ပေါင်းစပ်၍ ကစော်ဖောက်ခြင်း၊ ဘိုကာရှီ(Bokashi) နည်းဖြင့် အပင်အကျိုးပြု အဏုဇီဝပစ္စည်းအဖြစ် ထုတ်လုပ်အသုံးပြုကြပါသည်။


ဇီဝမြေဩဇာမှာ အပင်များရှင်သန်ကြီးထွားရေးအတွက်အကျိုးပြုသက်ရှိများဖြစ်သော ဗက်တီးရီးယား၊ မှို စသည်တို့ဖြင့် ပါဝင်ပေါင်းစပ်ထုတ်လုပ်ထားသော မြေဩဇာဖြစ်ပါသည်။ ဇီဝမြေဩဇာသည် အကျိုးပြုသက်ရှိ အဏုဇီဝအော်ဂဲနစ်ပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသဖြင့် မြေဆီလွှာအတွင်း စိမ့်ဝင်ပြီး အချိန်ယူပြုပြင်၍ မြေဆီဩဇာဓာတ်ကို အားဖြည့်တည်ဆောက်ပေးသည့်အပြင် အပင်အတွက် လိုအပ်သည့်အာဟာရကို အပြည့်အဝရရှိစေပါသည်။ မြန်မာနိုင်ငံတွင်အဓိကအသုံးပြုလျက်ရှိသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေ ဩဇာတို့မှာ ဈေးကြီးမြင့်သည့်အပြင် အလွယ်တကူ ရယူအသုံး ပြုနိုင်မှု မရှိသည့်အတွက် နိုက်ထရိုဂျင်ဓာတ်ပြွေါကယ်ဝသည့်ပဲမြစ်ဖုဇီဝမြေဩဇာ၊ ရိုက်ဇိုဘီယမ်ကဲ့သို့သော (Rizobium) ဇီဝမြေဩဇာများကို ထုတ်လုပ်အသုံးပြုလျက်ရှိပါသည်။


ဓာတ်မြေဩဇာအစားထိုး ဇီဝမြေဩဇာ ၁၉၉၉-၂၀ဝဝ ပြည့်နှစ်ခန့်က နိုင်ငံအတွင်း မြေဩဇာ ဈေးနှုန်းများ တရိပ်ရိပ်တက်လာပြီး လိုသလောက် ဝယ်လို့ပင်မရသည့်အခြေအနေ ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးအပါအဝင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ရာတွင် စပါးအထွက်တိုးရေးအတွက် ဓာတ်မြေဩဇာအချိန်မီရရှိရန် လိုအပ်လာပါသည်။ 


နိုင်ငံတော်အစိုးရက ယူရီးယားဓာတ်မြေဩဇာများ အထိုက်အလျောက် ထုတ်လုပ်ရောင်းချပေးခဲ့သော်လည်း မလုံလောက်သဖြင့် ပြင်ပဈေးကွက်မှ ဝယ်ယူသုံးစွဲကြရာ အရည်အသွေးမပြည့်မီခြင်း၊ အလေးချိန်မပြည့်ခြင်း၊ လေလွင်ခြင်း၊ ဈေးကြီးပေးဝယ်ရခြင်း၊ မြေဩဇာ အချိုးကျမသုံးစွဲနိုင်သဖြင့် မြေဆီလွှာပျက်စီးခြင်းတို့ ဖြစ်ပေါ်လာခဲ့ပါသည်။


ယင်းသို့သောအခြေအနေတွင် ရရှိသည့် ဓာတ်မြေဩဇာအပြင် မြေဆီလွှာပြုပြင်ရေးအတွက် လယ်ယာမြေများတွင်လချေးကျောက်မှုန့်၊ ထုံးမှုန့်များ ပက်ဖျန်းရန်နှင့် သီးနှံအထွက်နှုန်းကောင်းရေးအတွက် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ပြုလုပ်သုံးစွဲရန် ပညာပေးဆောင်ရွက်ခဲ့ကြပါသည်။ ဒေသအချို့တွင် မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းပိတ်ဆို့သည်အထိ ထူထပ်စွာပေါက်ရောက်လျက်ရှိသော ဗေဒါပင်များကိုအသုံးပြု၍ အကျိုးပြုအဏုဇီဝသက်ရှိပိုးများဖြင့် ပေါင်းစပ်မွေးမြူပြီး ဇီဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူး သုံးစွဲခဲ့ပါသည်။


စပါးသီးနှံမြေဩဇာစမ်းသပ်ကွက်များဖြင့် စမ်းသပ်ချက် များအရ ဇီဝမြေဩဇာ အမှုန့်နှင့် အရည် စမ်းသပ်ကွက်မှစပါးပင်သည် အခြားသဘာဝမြေဩဇာများဖြစ်သည့် အမြန်သုံး ဆန်ကွဲဘိုကာရှီမြေဩဇာနှင့် EM အရည်သုံး မြေဩဇာ စမ်းသပ်ကွက်များထက် စပါးပင်အရည်အသွေး ပိုမိုကောင်းမွန်ပြီး စပါးအထွက်နှုန်း ပိုမိုတိုးတက်ထွက်ရှိကြောင်း တွေ့ရှိရပါသည်။ ဇီဝမြေဩဇာ ထည့်သွင်းစမ်းသပ် စိုက်ပျိုးမှုရလဒ်များ အရ ရေမြေသဘာဝအနေအထားနှင့် ကိုက်ညီပြီး ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းခြင်းတို့ကြောင့်တောင်သူအများစု ကြိုက်နှစ်သက်ကြကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် နိုင်ငံအဝန်း သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသုံးစွဲမှု တိုးတက်များပြား လာလျက်ရှိပါသည်။


သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာအသုံးပြုရေးနိုင်ငံတော်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ထွက်ရှိရေးနှင့် တောင်သူလယ်သမားများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးတွင် အဓိကသွင်းအားစုဖြစ်သည့် မြေဩဇာကို ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာ ရာသီချိန်မီ အလွယ်တကူ ရရှိသုံးစွဲနိုင်ရန် အထူးလိုအပ်ပါသည်။ ယင်းသို့ လိုအပ်ချက်အရ ပြည်ပမှ တင်သွင်းရလျက်ရှိသည့်ဓာတ်မြေဩဇာများကို ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲရမည့်အစား ပြည်တွင်းမှ ဓာတ်မြေဩဇာများ ပိုမိုတိုးမြှင့်ထုတ်လုပ်ရန်နှင့်သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်အသုံးပြုရန် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်း စီမံဆောင်ရွက်ကြရမည် ဖြစ်ပါသည်။


သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူထုတ်လုပ်ထွက်ရှိသည့် သီးနှံများ အရည်အသွေးပြည့်မီရေးနှင့်ဘေးကင်းလုံခြုံစိတ်ချရေးသည်လည်း များစွာအရေးကြီးပါသည်။ ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာနှင့်အဝန်း ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာများအနက်စံချိန်စံòန်းမီသည့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြလျက်ရှိပါသည်။


မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ပြည်တွင်း စားသုံးမှု ဘေးကင်းလုံခြုံရေး၊ ဖူလုံပိုလျှံရေးနှင့် နိုင်ငံတကာတွင် ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိသည့်သီးနှံများ ပိုမိုတင်ပို့နိုင်ရေးအတွက် ဦးတည်ရည်မှန်း ဆောင်ရွက်ကြရပါမည်။ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများ အသုံးပြုခြင်းဖြင့်စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားလာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အထွက်ကောင်းပြီး အရည်အသွေး ပြည့်မီ၍ စားသုံးရာတွင် ဘေးကင်းလုံခြုံစိတ်ချရသည့် သီးနှံများ ပိုမိုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရန် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများကို အချိုးညီအချိန်ကိုက်သုံးစွဲနိုင်ရေးအတွက် တောင်သူလယ်သမားများအား နည်းပညာအပါအဝင် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။


မောင်မြင့်ဆွေ(ကြေး/မြေ)