မြိတ် ၃၀ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဘုရားကိုင်ရပ်ကွက်၊ အောင်မြေသုခ ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီအချိန်က သဘာဝမြေပြိုဘေး သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝမြေပြိုဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူကျန်းမာရေးဉီးစီးဌာန၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း(၂၀၀)တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြေပြို ဘေးဇာတ်တိုက်ပြုလုပ်လေ့ကျင့်ရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးနှင့် ရေဘေးဖြစ်ပွားမှု ဂရုစိုက်ရန်လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အကြောင်းကြားခြင်း၊ အဖွဲ့ငယ်အလိုက် လုပ်ငန်းတာဝန်ခွဲဝေပေးခြင်း၊ ပထမအဆင့် အလံနီထောင်၍ အသိပေးခြင်း၊ အလံနီနှစ်ဆင့်ထောင်ခြင်း၊ ဒုတိယအကြိမ်ကြေညာခြင်း၊ ကြိုတင်ရွှေ့ပြောင်းခြင်း၊ အလံနီသုံးဆင့်ထောင်ခြင်းနှင့် အရေးပေါ် ရွှေ့ပြောင်းခွင့် စသည်တို့ကို သဘာဝဘေးကြုံတွေလာပါက ပြည်သူများသိရှိ လိုက်နာဆောင်ရွက်တတ်စေရန် အဆင့်ဆင့် သဏ္ဌာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အောင်မြေသုခဘုန်းတော်ကြီးကျောင်းရှိ ဘောဇနဆောင်၌ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား သဘာဝမြေပြိုမှုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အတူ အသိပညာပေး ဟောပြောပွဲများကိုလည်း ဖေဖော်ဝါရီလအတွင်း၌ မြိတ်၊ ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ စသည်မြို့နယ်များရှိ အခြေခံပညာ ကျောင်း(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင်လည်း အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြိတ်ခရိုင်အတွင်း၌ လေပြင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းဘေးများကို စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း ယင်းဌာနမှသိရသည်။
သဘာဝဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပြု လုပ်ရာသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်မီးသတ်ဦးစီးမှူး ဉီးဇော်ဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ၊ မြိတ်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်နှင့် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြင့်ဦး(မြိတ်)