မောင်ကောင်း

 

ဓာတ်မြေသြဇာတွေ ဈေးတက်လာတဲ့ကိစ္စက အရှေ့အလယ်ပိုင်းဒေသပဋိပက္ခက လယ်ကွင်းထဲအထိ ဂယက်ရိုက်ခတ် လာတဲ့ သဘောပေါ့ဗျာ။ မပြီးနိုင်သေးတဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲကြောင့် စက်သုံးဆီတွေ ရှားပါး ပြတ်လပ်လာတာအပြင် ဓာတ်မြေသြဇာတွေလည်း ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံခြားငွေဈေး မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးလာတာတွေကလည်း ဓာတ်မြေဩဇာ ဈေးနှုန်းကို အထက်ရောက်သထက်ရောက်အောင် တွန်းတင်လိုက်တာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်လာခြင်းက စပါးနဲ့ သီးနှံတွေ စိုက်ပျိုး ထုတ်လုပ်ကြတဲ့ လယ်သမားတွေနဲ့ တောင်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဓာတ်မြေသြဇာ ဈေးကြီးလို့မသုံးရင် အထွက်နှုန်း မကောင်း၊ ဝင်ငွေနည်းပါးဖြစ်နိုင်ပြီး ဈေးကြီးပေးဝယ်သုံးပြန်ရင်လည်း သွင်းအားစုအတွက် စရိတ်ထောင်းတာ၊ စရိတ်နဲ့ ဝင်ငွေမကာမိဘဲ အရှုံးပေါ်နိုင်တာ စတဲ့ နောက်ဆက်တွဲကိစ္စတွေက ရှိနေပါတယ်။

 

မြေသြဇာလိုအပ်ချက်ကို သဘာဝမြေသြဇာနည်းလမ်းနဲ့ ဖြေရှင်း

မြန်မာနိုင်ငံမှာ မိုးစပါး၊ နွေစပါး၊ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံ စသည်ဖြင့် ရာသီသုံးလီ စိုက်ပျိုးကြရာမှာ စုစုပေါင်း တစ်နှစ်တာ စိုက်ဧကပေါင်း ၃၆ သန်းလောက်ရှိပြီး ဓာတ်မြေသြဇာ လိုအပ်ချက်အနေနဲ့လည်း တစ်နှစ်ပတ်လုံးအတွက် တန်ချိန် ၄ ဒသမ ၂ သန်းလောက် လိုအပ်တယ်လို့ သိရပါတယ်။ ပြည်တွင်းဓာတ်မြေသြဇာထုတ်လုပ်မှုက တစ်နှစ်ပတ်လုံး မှာမှ တန်ချိန် ၄၀၀၀၀ လောက်သာရှိတာကြောင့် လိုအပ်ချက်ရဲ့ အပုံ တစ်ရာပုံရင် တစ်ပုံလောက်ပဲ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်ကို ပြည်ပက တင်သွင်းရတာဖြစ်ပြီး ယူရီးယားနဲ့ ကွန်ပေါင်းဓာတ်မြေ သြဇာ နှစ်မျိုးပေါင်း တန်ချိန် ၁၆ သိန်းလောက်သာ တင်သွင်းနိုင်တာဖြစ်တဲ့အတွက် ကျန်တဲ့မြေသြဇာလိုအပ်ချက်ကို မိမိတို့ ဘာသာ ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုတဲ့အတိုင်း ဖြေရှင်းကြရမယ့် နည်းလမ်းကတော့ သဘာဝမြေသြဇာနည်းလမ်းပဲပေါ့ဗျာ။

 

တကယ်တော့ သဘာဝမြေသြဇာဆိုတာ ဓာတ်မြေသြဇာတွေ မပေါ်ခင်ကတည်းက မိရိုးဖလာအားဖြင့် သုံးခဲ့ကြပြီးသား ဖြစ်ပါတယ်။ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျခါစ လယ်ကွင်းတွေထဲ နွားလှည်းဝင်ထွက်ဖို့ ကောင်းသေးတဲ့အချိန် သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကျွဲချေး၊ ကြက်ချေး၊ ဆိတ်ချေး စတဲ့ မွေးမြူရေးတိရစ္ဆာန်ထွက် ချေးတွေ၊ မြေဆွေးတွေ၊ နုန်းတွေကို လယ်ကွက်တွေထဲမှာ အပုံကလေးတွေ အတန်းလိုက် လိုက်ပုံခဲ့ကြတာဖြစ်ပါတယ်။ စပါး၊ သီးနှံ တစ်ရာသီစိုက်ပျိုးပြီးတိုင်း ကုန်ခန်းသွားရတဲ့ မြေကြီးထဲက မြေဆီမြေနှစ် အပင်အာဟာရဓာတ်တွေကို မဖြစ်မနေ ပြန်ဖြည့်တင်းပေးနိုင်ဖို့အတွက် သဘာဝမြေသြဇာတွေကိုလည်း အချိန်ယူပြီး စနစ်တကျ စုဆောင်းကြရတာဖြစ်ပါတယ်။ ဒါမှလည်း လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးကြမယ့် ကောက်ပဲသီးနှံ၊ သစ်သီးဝလံ၊ ပန်းမန်အပင်တွေ ရှင်သန်ကြီးထွားပြီး အောင်မြင်ဖြစ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။

 

တောင်သူတွေကို ဓာတ်မြေသြဇာ မဖြစ်မနေသုံးစွဲအောင် ဆွဲဆောင်

ဓာတ်မြေသြဇာတွေ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အချိန်မှာတော့ သဘာဝမြေသြဇာသုံးစွဲမှုတွေက နောက်တန်းဆီ ရောက်သွားပါတယ်။ ဓာတ်မြေသြဇာဆိုတာ ဓာတုပစ္စည်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး အပင်ကြီးထွားဖို့ အတွက် နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်းပါဝင်တဲ့ “ယူရီးယား”၊ အမြစ်ကြီးထွားဖို့နဲ့ ပန်းပွင့်ချိန်အားပေးဖို့ ဖော့စဖိတ် ၄၆ ရာခိုင်နှုန်း ပါဝင်တဲ့ “တီစူပါ”၊ ရေနဲ့ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်ဖို့၊ အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အားပေးဖို့ လိုအပ်တဲ့ ပိုတက်စီယမ် ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ “ပိုတက်”၊ နိုက်ထရိုဂျင်-ဖော့စဖိတ်- ပိုတက်စီယမ် အာဟာရသုံးမျိုးပေါင်းထားတဲ့ “ကွန်ပေါင်း”ဓာတ်မြေသြဇာတွေ၊ ရွက်ဖျန်းဓာတ်မြေသြဇာတွေကို တောင်သူတွေ အသုံးများကြပါတယ်။ တစ်ကွင်း တစ်စပ်တည်း စိုက်ပျိုးထားတဲ့ သီးနှံတွေ အချင်းချင်း ယှဉ်ကြည့်လိုက်ရင် ဓာတ်မြေသြဇာသုံးထားတဲ့ အပင်တွေက စိမ်းညို့နေပြီး အရွက် ဖားဖား၊ အပင်ထွားထွား၊ သီးနှံတွေကလည်း အားရစရာ၊ အထွက်နှုန်းမှာလည်း သာတဲ့ အချက်တွေက တောင်သူတွေကို ဓာတ်မြေသြဇာ မဖြစ်မနေသုံးစွဲလာကြအောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဓာတ်မြေသြဇာ(Chemical Fertilizer)တွေဟာ အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို လျင်လျင်မြန်မြန် ဖြည့်တင်းပေးနိုင်တယ်ဆိုသည့်တိုင် ရေရှည်မှာတော့ မြေဆီလွှာဖွဲ့စည်းပုံကို ပျက်စီးစေတာ၊ မြေအောက်ရေကို ညစ်ညမ်းစေတာ၊ ကုန်ကျစရိတ်များစေတာ၊ မြေကြီးထဲမှာရှိတဲ့ အကျိုးပြုဇီဝတွေကို သေကျေ ပျက်စီးစေတာ စတဲ့ဆိုးကျိုးတွေ ရှိနေပါတယ်။

 

သဘာဝမြေသြဇာတွေနဲ့ တွဲဖက်အသုံးပြုဖို့လို

ဓာတ်မြေသြဇာကို ရေရှည်သုံးစွဲခြင်းအားဖြင့် မြေဆီလွှာမာကျောလာပြီး မြေဆီလွှာထဲမှာရှိတဲ့ အာဟာရဓာတ်တွေ ချို့တဲ့လာတာ၊ မြေဆီသြဇာ လျော့နည်းလာတာ ဖြစ်တတ်ပါတယ်။ ဓာတ်မြေ သြဇာတွေ၊ အထူးသဖြင့် နိုက်ထရိုဂျင် ဓာတ်စိမ့်ဝင်မှု မြေအောက်ရေထဲကို ရောက်ရှိသွားပြီး ရေအရည်အသွေးကို ကျဆင်းညစ်ညမ်းစေပါတယ်။ ဓာတ်မြေ သြဇာတွေဟာ သဘာဝမြေသြဇာတွေနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းကြီးမြင့်တာကြောင့် ထုတ်လုပ်မှုစရိတ်ကို မြင့်မားစေပါတယ်။ ဓာတ်မြေသြဇာမှာပါတဲ့ ဓာတု ပစ္စည်းတွေကြောင့် မြေဆီလွှာမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေ သေဆုံးပြီး မြေဆီလွှာရဲ့ သဘာဝ အရည်အသွေးကို ပျက်စီးစေပါတယ်။ ဓာတ်မြေ သြဇာတွေကို အလွန်အကျွံ အသုံးပြုတဲ့အခါ အပင် တွေက အကုန်စုပ်ယူနိုင်ခြင်းမရှိဘဲ အာဟာရတွေ ယိုစိမ့်ပျက်စီးကုန်တာကြောင့် အလေအလွင့် ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဓာတ်မြေသြဇာကို သုံးမယ်ဆိုရင် ထည့်သွင်းရမယ့် အချိန်အခါ၊ အချိုးအစားကိုက်ညီဖို့နဲ့ သဘာဝမြေသြဇာတွေနဲ့ တွဲဖက် အသုံးပြုဖို့လိုပါတယ်။

 

သဘာဝမြေသြဇာသုံးစွဲဖို့၊ ထုတ်လုပ်ဖို့နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး တောင်သူ လယ်သမားအများစုကလည်း သိနားလည်ထားကြ ပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချိန်နဲ့ လုပ်အား ကို စိုက်ထုတ်ပြီး လုပ်ယူရတဲ့ သဘာဝမြေသြဇာထက် ဈေးကွက်မှာ ပိုက်ဆံပေးပြီး အလွယ်တကူ ပေါ့ပေါ့ပါးပါး ဝယ်ယူလို့ရတဲ့ ဓာတ်မြေသြဇာ၊ အပင်သီးနှံတွေကို သဘာဝမြေသြဇာထက်ပိုပြီး မျက်မြင်အားဖြင့် လှပစေတဲ့ ဓာတ်မြေသြဇာကိုပဲ တောင်သူအများစုက ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သဘာဝမြေသြဇာ ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းက စွန့်ပစ်ပစ္စည်းတွေ၊ ဘေးထွက်ပစ္စည်းတွေ စုဆောင်း ရရှိနိုင်ဖို့ အခက်အခဲရှိနိုင်ပေမယ့်လည်း မဖြစ်နိုင်တဲ့ အခက်အခဲမျိုး မဟုတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဓာတ်မြေသြဇာ ဈေးနှုန်းတွေ မြင့်တက်လာနေသလို ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သစ်သီးဝလံတွေမှာ ဓာတုဓာတ်ကြွင်းတွေ ပါဝင်မှုအပေါ် စိုးရိမ်လာကြတဲ့ ခေတ်ကာလမှာ သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲခြင်းက တောင်သူလယ်သမားတွေ မဖြစ်မနေလုပ်ကြရမယ့် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။

 

သဘာဝမြေသြဇာဆိုတာဟာ တိရစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဘေးထွက်ပစ္စည်း တွေကို အဏုဇီဝပိုးတွေရဲ့ အကူအညီနဲ့ ဆွေးမြည့်စေပြီး အပင်တွေ အသင့်စားသုံးနိုင်တဲ့ အာဟာရဓာတ်တွေရရှိအောင် ပြုပြင် စီမံထုတ်လုပ်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ သဘာဝမြေသြဇာပြုလုပ်ရာမှာ ပါဝင်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း ကျွဲချေး၊ နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေး၊ လင်းနို့ချေး စတာတွေ၊ လယ်ယာစွန့်ပစ် ပစ္စည်း ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ ဟင်းသီး ဟင်းရွက် သစ်သီးဝလံ သီးနှံအပင်အကငြွ်းအကျန် တွေ၊ ပေါင်းမြက်၊ ဗေဒါပင်၊ သစ်ရွက်စို၊ သစ်ရွက်ခြောက်တွေ၊ စိုက်ပျိုးရေးထုတ်ကုန် ဘေးထွက် ပစ္စည်းတွေဖြစ်တဲ့ စပါးခွံ၊ မြေပဲခွံ၊ ပဲမှော်၊ လွှစာမှုန့်နဲ့ ကြိတ်ဖတ်အမျိုးမျိုး စတာတွေကို အခြေခံပြီး အီးအမ်၊ ထရိုင်ကိုဒါးမား၊ ဒိုချက်ကင် စတဲ့ အဏုဇီဝ ပိုးတွေ အကူအညီနဲ့ ဆွေးမြည့်အောင် ပြုလုပ်ခြင်း အားဖြင့် သဘာဝမြေသြဇာမြေဆွေးကို ရရှိမှာဖြစ်ပါ တယ်။ ဒါမှမဟုတ်ရင်လည်း ပဲလွမ်း၊ ပိုက်ဆံလျှော် စတဲ့အပင်တွေကို စိုက်ပျိုးပြီး မြေကြီးထဲကို ထွန်ယက်မြှုပ်နှံတဲ့နည်းဖြစ်တဲ့ သစ်ရွက်စိမ်း မြေသြဇာနည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။

သဘာဝမြေသြဇာတွေက မြေဆီလွှာကို အကျိုးပြုသဘာဝမြေသြဇာတွေဟာ ဓာတ်မြေသြဇာတွေနဲ့ ယှဉ်ရင် အာဟာရ ဓာတ်ပါဝင်မှု လျော့နည်းပေမယ့် မြေဆီလွှာကောင်းမွန်ရေးအတွက်တော့ အရေးကြီးပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်မြေသြဇာက မြေဆီလွှာကို ပျက်စီးစေပေမယ့် သဘာဝမြေသြဇာတွေကတော့ မြေဆီလွှာကို အကျိုးပြုစေနိုင်တာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိတွေဖြစ်တဲ့ မြေသားဖွဲ့စည်းပုံတွေကို ကောင်းမွန်စေပြီး အစိုဓာတ်ထိန်းသိမ်းနိုင်မှု၊ အာဟာရဓာတ် စုပ်ယူနိုင်စွမ်းကောင်းစေမှု၊ လေဝင်လေထွက်နဲ့ ရေကို ထိန်းနိုင်စွမ်းကောင်းမွန် စေမှု၊ စေးတဲ့မြေကို ဖွယ်စေပြီး ဖွယ်တဲ့မြေကို စေးစေမှု စတာတွေကြောင့် သီးနှံပင်တွေရဲ့ အမြစ်တွေဟာ မြေသားထဲကို ကောင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်ကြပါတယ်။ သဘာဝမြေသြဇာကို နှစ်စဉ်အသုံးပြုခြင်းဟာ ဓာတ်မြေသြဇာနဲ့ ကွာခြားတာက မြေဆီသြဇာကို တိုးတက်ကောင်းမွန်လာစေနိုင်တာပဲ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက် ကြမယ်ဆိုရင် သဘာဝမြေသြဇာအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ခက်ခက်ခဲခဲ ရှာဖွေနေစရာမလိုဘဲ မိမိရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကနေပဲ ရရှိနေမှာ ဖြစ်ပါတယ်။

 

သဘာဝမြေသြဇာအမျိုးမျိုး လုပ်ဖို့နည်းလမ်းတွေကတော့ အင်တာနက်မှာ ပေါမှပေါပါ။ ခက်ခဲနက်နဲတဲ့ နည်းလမ်း တွေလည်း မဟုတ်တာကြောင့် တကယ်လိုချင်တဲ့စိတ်နဲ့ တကယ်လုပ်ဖို့ပဲ လိုတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အင်တာနက် မှာ မရှာတတ်ရင်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် တောင်သူပညာပေးအစီအစဉ်နဲ့ သက်ဆိုင်ရာဌာန တွေကနေလည်း ရရှိနိုင်ပါတယ်။ အလွယ်ကူဆုံးကတော့ လက်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းလေးထဲမှာ ရှာဖွေဖို့ပါပဲ။ ဘယ်အချိန်မှ အေးမယ်မှန်း မသိနိုင်တဲ့ ကမ္ဘာ့အရေးထဲမှာ ဘယ်အချိန် ပြန်ဆင်းလာမယ်မှန်းမသိတဲ့ ဓာတ်မြေသြဇာဈေးနှုန်းကို မျှော်တော်ယောင် စောင့်စားနေမယ့်အစား သဘာဝမြေသြဇာနဲ့ အစားထိုးလိုက်ကြစို့လားဗျာ။     ။