သဘာဝပစ္စည်းကွမ်းဖက်ဖြင့် တစ်ခါသုံးခွက်များ ထုတ်လုပ်ဖန်တီးသူ ဦးကျော်မိုးနှင့် တွေ့ဆုံခြင်း

မန္တလေး ၁၃ မေ

မန္တလေးမြို့တော်အား တစ်ခါသုံးဖော့ဘူး ကင်းစင်သည့်မြို့တော်ဖြစ်လာ အောင်ကြိုးစားနေတယ်လို့ မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားခဲ့ဖူးသည်။ တစ်ခါသုံး ဖော့ဘူးတွေကို Polystyrene ကနေ ထုတ်လုပ်ထားသည်။ နေ့စဉ်အသုံးများဆုံး ပစ္စည်းများတွင် တစ်ခါသုံဖော့ဘူးများလည်း ပါဝင်သည်။ 

 

78201

 

ဖော့ဘူးတွေသည် နှစ်ပေါင်း ၅၀ဝ ခန့်ကြာမှ ကြေပျက်တက်သည်။ ပေါ့ပါးသည့်အတွက် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် ဖော့ဘူးများကြောင့် ရေမြောင်းများ အမြဲပိတ်တက်သည်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်သလို ကျန်းမာရေးနှင့် မညီညွတ်သည့် ဖော့ဘူးများကို အစားထိုးသုံးစွဲရန် လိုအပ်လာပေသည်။

ယခုအခါ မန္တလေးမြို့မှ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးက ဖော့ဘူးတွေအစား သဘာဝကွမ်းဖက်များဖြင့် ထုတ်လုပ်ထားသည့် တစ်ခါသုံးခွက်များကို တီထွင်ထုတ်လုပ်ဖြန့်ချီနေပြီဖြစ်သည်။ ကွမ်းဖက်များဖြင့် တစ်ခါသုံးခွက်ထုတ်လုပ်သည့် AGrace စက်ပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးမှ စက်ပစ္စည်းများတီထွင်ထုတ်လုပ်သူ ဦးကျော်မိုးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ မေးမြန်းဖြစ်ခဲ့သည့်အထဲမှ ကွမ်းဖက်ဖြင့် တစ်ခါသုံးခွက် ထုတ်လုပ်မှုအကြောင်းကို ကောက်နုတ်တင်ပြလိုက်ပါသည်။ 

မေး-ကွမ်းဖက်ကနေ တစ်ခါသုံးခွက်ထုတ်လုပ်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။


ဖြေ- မြန်မာနိုင်ငံမှာ ဓာတုကင်းစင်ဆိုတာမရှိတာ၊ လူတွေရဲ့ကျန်းမာရေး ထိခိုက်မှုများလာတာ တရုတ်ကဝင်လာတာတွေကလည်း အကုန်လုံးဓာတုပစ္စည်းတွေပဲဖြစ်နေတော့ အဲဒီဓာတုပစ္စည်းတွေက အဆိပ်အတောက်ဖြစ်တယ် ဓာတ်ပြုပြီး အန္တရာယ်ဖြစ်လာတော့ ဒါတွေကို ကျတော်တို့နိုင်ငံ အနေနဲ့ဘာလုပ်ရင်ကောင်းမလဲပေါ့။ ကွမ်းဖက်ခွက်လုပ်ဖို့အတွက် အိန္ဒိယဘက်မှာ ကြည့်လာခဲ့တဲ့ နည်းပညာတွေရလာခဲ့တယ်။  ငါတို့နိုင်ငံမှာလည်းကုန်ကြမ်းတွေအများကြီးရှိတယ်။ ဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ ကျန်းမာရေးရှုထောင့်ကရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ရော ဒါကို ရအောင်လုပ်ခဲ့တာ။ 

မေး-ဘယ်လိုတွေစတင်အကောင်ထည်ဖော်ခဲ့တာလဲ။


ဖြေ- စပြီး အကောင်ထည်ဖော်ဖြစ်တာက၂၀၁၆ လောက်ကဖြစ်မယ်။ မြိတ်မြို့က သူငယ်ချင်းကြောင့်ပါ။ သူက ဒီမှာကုန်ကြမ်းတွေအရမ်းပေါတာ။ ဒီကုန်ကြမ်းတွေကို  ကျွန်တော့်ဆီပို့ပေးတယ်။ ပို့ပေးတဲ့ပစ္စည်းတွေနဲ့ အခုလို တစ်ခါသုံးပစ္စည်းတွေထုတ်ပြတာပေါ့။ လေ့လာခဲ့တဲ့ နည်းပညာကို လက်တွေ့လုပ်ပြတာပေါ့။ အဲဒီမှာစပြီး လုပ်ဖြစ်ခဲ့တာ။

မေး- ကွမ်းဖက်နဲ့လုပ်တယ်ဆိုတော့ ဘယ်လို အမျိုးအစားလုပ်တာလဲ။ 


ဖြေ- ကွမ်းဖက်နဲ့ပဲလုပ်တယ်။ ကွမ်းသီးပင်က ဖက်ဒေသအခေါ် ဘုတ်ဖက်ကနေစလုပ်တယ်။ နောက်ပိုင်းမှာ ဝါးဖက်ကနေလုပ်လာတာတွေရှိလာပြီ တခြားကုန်ကြမ်းပစ္စည်းတွေကနေလည်းထုတ်လို့ရတယ်။ 

မေး-ကွမ်းဖက်အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်း ဘယ်နှစ်မျိုးလောက်ရှိလဲ။


ဖြေ- အခု အမျိုးအစား ၁၆ မျိုးလောက်ထုတ်ထားတယ်။ ဇွန်းခက်ရင်း ၊ ပန်းကန် ၊ ဆိုဒ်စုံပန်းကန်လုံး ၊ ပန်းကန်ပြား ၊  လင်ပန်း ၊ ဇွန်းဆိုဒ်စုံ ၊  အားလုံး ၁၆ မျိုးလောက်လောလောဆယ်ထုတ်ထားတယ်။ နောက်ထပ်လည်း အမျိုး ၂၀ လောက်ထပ်ထွက်လာမယ်။

မေး-ကုန်ကြမ်းကို ဘယ်ဒေသတွေကရလဲ။ ဘယ်မှာထုတ်လုပ်တာလဲ။


ဖြေ- ကုန်ကြမ်းကို ကရင်ပြည်နယ် ၊ သံတောင်ဘက်က ယူတယ်။ ကုန်ကြမ်းကို ရွေးခြယ်ပြီး မန္တလေးမှာ ထုတ်တာမဟုတ်ဘူး။ ကုန်ကြမ်းထွက်တဲ့ ခြံထဲမှာပဲစက်တည်ထားတာဆိုတော့ သယ်ယူရတဲ့ အခက်ခဲတော့မရှိဘူး။

မေး- ကွမ်းဖက်နဲ့ တစ်ခါသုံးလူသုံးကုန်ပစ္စည်းထုတ်တဲ့ စက်ကိုရော ဘယ်လို တီထွင်ဖြစ်တာလဲ။


ဖြေ- စက်ကတော့ကိုယ်တိုင်တီထွင်ထားတဲ့စက်။ ၁၉၉၅-၉၆ လောက်ကတည်းက စပြီးပလက်စတစ်လုပ်ငန်းစလုပ်ဖြစ်တာ။ စက်တွေနဲ့ပတ်သက်လို့ သိပ်မဝေးဘူး။ PVC ရေပိုက်တွေ ထုတ်လုပ်တဲ့စက်ကို ကိုယ်တိုင်တီထွင်ခဲ့တာ။ အဲလိုမျိုးတွေရှိခဲ့တော့ ဒီစက်တွေက ပြသနာမရှိဘူး။ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆို အိုင်ဒီယာနဲ့ ဦးနှောက်နဲ့မှီနိုင်သလောက်  နိုင်ငံတကာအဆင့်လည်းမီရမယ်။ နည်းပညာလည်းမြင့်ရမယ်။ ကုန်ပစ္စည်းကလည်း အရည်အသွေးမီရမယ်။ ဒါကိုစဉ်းစားပြီးမှ စက်ကိုတီထွင်တာပါ။  ငယ်ငယ်ကတည်းက ဘဝအတွေ့အကြုံနဲ့ဒါတွေကိုရတာ။ ပံ့ပိုးပေးတဲ့ မိတ်ဆွေတွေလည်းရှိပါတယ်။ မိုရ် (mold) ပိုင်းဆိုင်ရာတွေက မိုရ် ဆရာတွေကပံ့ပိုးပေးတာ။

မေး-တစ်ခါသုံးခွက်တွေကို ဘယ်လိုဖြန့်ချီနေလဲ။


ဖြေ-City Mart တွေမှာစဖြန့်တော့မှာပါ။ စီးတီးမတ်တွေ အကုန်လုံးဖြန့်မှာပါ။ ခုလောလောဆယ်ကတော့ အများပြည်သူသိအောင်လုပ်နေတာ။ အများပြည်သူက ဒီပစ္စည်းဟာ သုံးစွဲသင့်တယ်ဆိုတာ သိလာအောင် စလုပ်ပေးနေတာ။ ဈေးနှုန်းသက်သက်သာသာနဲ့  ဝယ်လို့ရတယ်ဆိုတာသိအောင် လုပ်တယ်။ ဒါမှသူတို့က ဝယ်ချင်သွားပြီ။ အဲအပိုင်းတွေကို စလုပ်တာပါ။ 

မေး- ကုန်ကြမ်းရတဲ့ဆီကို တီထွင်ထားတဲ့ စက်ဘယ်နှစ်ခုလောက် ဖြန့်ထားပြီလဲ။


ဖြေ- ၁၅ ခုလောက်ရှိပါပြီ။ ကုန်ကြမ်းထုတ်တဲ့ဆီက ခြံရှင်တွေ ၊ NGO တွေနဲ့ချိတ်ဆက်ဆောင်ရွက်တယ်။ ရပ်ရွာက လူကြီးတွေနဲ့ စပ်တူလုပ်ကြတာရှိတယ်။

မေး- ၂၀၁၆ ခုနှစ်လောက်ကတည်းက စိတ်ကူးရတာဆိုတော့ အကောင်ထည်ဖော်တာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ။


ဖြေ- အကောင်ထည်ဖော်တာ တစ်နှစ်ပဲရှိသေးတယ်။ ၂၀၁၈-၁၉ လောက်မှာ စလုပ်တယ်။ ပြည်သူတွေက လက်ခံလာတယ်။ အဲအပေါ်မှာ လုပ်ရဲသွားတယ်။

မေး-သဘာဝပစ္စည်းတွေအသုံးပြုတဲ့အခါ သုံးစွဲသူအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။


ဖြေ-အဆိပ်အတောက်တွေကင်းစင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တယ်။ ဒီလိုပစ္စည်းတွေကို အသုံးပြုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်တော့ဘူး။ အမှိုက်အဖြစ်စွန့်ပစ်ရင်လည်း မြေသြဇာပြန်ဖြစ်တဲ့အတွက် မြေဆီပြန်ဖြစ်တာပေါ့။ အဲအတွက် ပစ္စည်းသုံးရင် နိုင်ငံတော်အတွက်ရော ပြည်သူတွေအတွက်ရော ပံ့ပိုးရာရောက်ပါတယ်။ တိုင်းရင်းသားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေပိုရလာတယ်။ သူတို့ဒေသမှာ  စိုက်ပျိုးချိန်ကုန်ရင် အလုပ်မရှိကြတော့ဘူး ။ ကျတော်တို့ကတော့ အမြဲတမ်းအလုပ်ပေးနိုင်တယ်။  သဘာဝတွေနဲ့ ဒီလိုတီထွင်လို့ရပါလားဆိုတဲ အသိပညာတွေရသွားတယ်။ 

မေး- ကွမ်းဖက်ကုန်ကြမ်းရရှိဖို့ ဘယ်လိုတွေ ဆောင်ရွက်ခဲ့ရတာလဲ။ 


ဖြေ- တောထဲအထိ ကုန်ကြမ်းဘယ်လိုထိမ်းသိမ်းရတယ်။ ဘယ်လိုကောက်ရတယ် ဘယ်ပုံစံသယ်ယူရမယ် ဆိုတာတွေကို  ကိုယ်တိုင်ပဲလုပ်ခဲ့ရတယ်။ ကွမ်းလက်ကို အလက်လိုက်ယူလာပြီး ဓားနဲ့ဖြတ်ပြီး  ယူတဲ့အဆင့် ထိန်းသိမ်းတဲ့အဆင့် မသိတော့ တကယ့်တောတွေထဲအထိ လိုက်လုပ်ပေးရတာ။ ဆိုင်ကယ်နဲ့ပဲ ဝင်ရတဲ့နေရာတိုင်း သင်တန်းတွေပေးတယ်။ ကုန်ကြမ်းရောင်းချင်လာအောင်ပြောရတယ်။ ဈေးရတာနည်းတဲ့အတွက် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြဘူး။ ကွမ်းဖက်တွေ များနေရင် အပင်ကြီးထွားဖို့ မဖြစ်ဘူး။ ပေါင်းရှင်းပေးသလို ဖြစ်တယ်ဆိုပြီး အမှိုက်တွေ ကောက်ချင်လာအောင်ပြောရတယ်။ တော်တော်လေးကို လုပ်ယူခဲ့ရတယ်။ 

မေး- ပြည်တွင်းမှာ ဖြန့်ချီနေပြီဆိုတော့ ပြည်ပကိုရော ဖြန့်ချီဖို့ရှိမလား။


ဖြေ- ပြည်တွင်းမှာလည်းဖြန့်ချီနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထုတ်တာထက်ကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ပြည်ပကတော့ သြစတေးလျ၊ စင်္ကာပူ ၊ တရုတ် ၊  ထိုင်းဘက်ကို နမူနာတွေ အသီးသီးယူသွားကြပြီ။  ကုန်သည်တွေ ၊ ကုမ္ပဏီတွေလည်း ယူသွားကြတယ်။ 

မေး- ကွမ်းဖက်ကနေ တခါသုံးခွက်တွေထုတ်တဲ့အခါ ဘယ်လိုအခက်ခဲဘာတွေရှိမလဲ။


ဖြေ- ပထမဆုံးအခက်ခဲက ငွေကြေးမပြည့်စုံတာပါပဲ။  ငွေကြေးမပြည့်စုံတော့ လုပ်ငန်းပိုင်းဆိုင်ရာမှာ နောက်ကျတာရှိတာပေါ့။

မေး- မူပိုင်ခွင့်တင်ထားတာရှိလား။


ဖြေ- နိုင်ငံတော်ကို မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတင်ထားပြီးပြီ။  စက်ပိုင်းဆိုင်ရာ ဒီဇိုင်းနဲ့ တင်ထားတယ်။ ကုန်ပစ္စည်းနဲ့ပတ်သက် အဆိပ်အတောက်မဖြစ်ကြောင်း ၊ အပူခံနိုင်တဲ့အပေါ်မှာ ပြောင်းလဲမှုမရှိကြောင်း စစ်ဆေးမှုတွေ အကုန်ယူထားပြီးပြီ။ 

မေး-ထပ်မံပြီးဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။


ဖြေ-အများပြည်သူက သုံးစွဲသင့်တယ်လို့ပြောချင်ပါတယ်။ ဓာတုပစ္စည်းတွေ ဆန့်ကျင်တဲ့အပိုင်း ပြည်သူရဲ့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့အတွက် သုံးစွဲသင့် ၊ ဈေးလည်းသက်သာတဲ့အတွက် သုံးစွဲသင့်တယ်လို့ပြောချင်ပါတယ်။ ဈေးနှုန်းက အနည်းဆုံး ၁၀ ကျပ်ကနေ ၁၂၀ ကျပ်ဝန်းကျင်မှာ ရှိတယ်။

ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - အိမို့မို့ခိုင်